အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်မြောက်ပိုင်းနဲ့ ရက္ခိုင်ရိုးမတောင်ခြေ လမ်းပိုင်းတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားကြရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
မိုးလွန်ကဲမှုဗဟိုချက် (Core Zone) ဟာ မြန်မာနိုင်ငံ ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အနည်းငယ် ရွေ့လျားသွားသော်လည်း၊ အရှိန်ပြင်းတဲ့ မုတ်သုံဆွဲအားကြောင့် မြန်မာနိုင်ငံ အနောက်ဘက်နဲ့ မြောက်ပိုင်းဒေသများတွင် (၅၀၀ mm အထက်) ရက်ရှည်မိုး လွန်ကဲမယ့် အခြေအနေအဖြစ် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
၁၆၈ နာရီအတွင်း ရက္ခိုင်ပြည်မြောက်ပိုင်း (စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးတကြော) မှာ မိုးရေချိန် လွန်ကဲမှုအန္တရာယ် မြင့်မားနေပြီး စုစုပေါင်း မိုးရေချိန် ၅၀၀ – ၆၀၀ mm အထက် ရှိနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ ကုန်းတွင်းပိုင်း အနိမ့်ပိုင်းများတွင် ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ ရက္ခိုင်ရိုးမတောင်ခြေ လမ်းပိုင်းများတွင် မြေပြိုမှု (Landslides) များကို မုချ ဖြစ်ပေါ်စေနိုင်လို့ ဒေသခံ လူထုအနေနဲ့ အရေးပေါ်အဆင့် ကြိုတင် ပြင်ဆင်ရန် လိုအပ်ပါမယ်” လို့ ဦးဝင်းနိုင်က ကြိုတင် အသိပေးထားပါတယ်။
ဒါ့အပြင် အခုကစပြီး ၇၂ နာရီကနေ ၁၆၈ နာရီအတွင်း ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ လေဖိအားနည်းရပ်ဝန်းစနစ်ရဲ့ အရှိန်ကြောင့် မိုးသက်လေပြင်းများ ပြင်းထန်စွာ ကျရောက်ပြီး လှိုင်းလေ အလွန်ထန်နိုင်တာကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအနေနဲ့ ရေကြောင်းသွားလာမှုများကို လုံးဝ ရှောင်ရှားရန်လည်း ဦးဝင်းနိုင်က ဆိုထားပါတယ်။