စကမ က ရုရှားနဲ့ စစ်ရေးထက် စီးပွါးရေးကို ဦးတည်နေလား

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

အသွင်ကူးပြောင်းရေး အယောင်ဆောင် စစ်အစိုးရဟာ ရုရှားနိုင်ငံနဲ့ စစ်ရေးထက် စွမ်းအင်နဲ့ စီးပွါးရေးကဏ္ဍကို ဦးတည်နေလားဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။

မင်းအောင်လှိုင်ဟာ အာဏာသိမ်းထားစဉ် ကာလကတည်းက ရုရှားနဲ့ မဟာမိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရေး တည်ဆောက်နေတာဟာ အခု ရွေးတုအစိုးရ ဖြစ်လာတဲ့အထိ ဆက်လက် ထိန်းသိမ်းထားဆဲပါ။

နှစ်နိုင်ငံအကြား နားလည်မှု သဘောတူစာချုပ်တွေ ချုပ်ဆိုထားကြတာလည်း ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲကြောင့် သူ့နိုင်ငံရဲ့ စီးပွါးရေးကို ပြန်နာလန်ထူနိုင်အောင် လုပ်ယူရဦးမှာဖြစ်ပြီး ထားဝယ်ဆိပ်ကမ်းစီမံကိန်းမှာလည်း ရင်းနှီးမြှုပ်နှံသူက ရုရှားနိုင်ငံတစ်ခုတည်း မဖြစ်နိုင်ဘူးလို့ တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရုရှားရဲ့ အခြေအနေကိုလည်း ကြည့်ပါဦး သူ့ဘာသာသူတောင် စီးပွါးရေးက တော်တော် နာလန်ထူအောင် လုပ်ယူရဦးမှာလေ။ အင်အားကြီး နိုင်ငံတစ်ရပ်ဖြစ်တာ မှန်တယ်။ သူ ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲက ဘယ်တော့ ပြီးမယ်မှန်း မသိဘူး။ မပြီးသေးတဲ့ ကာလအတွင်းမှာ သူ့နိုင်ငံရဲ့ စီးပွါးရေးကိုတောင် ခိုင်မာအောင် လုပ်နေရတာ။ တစ်ခုပဲ ရှိတယ် ဥပမာ ထားဝယ်ဆိပ်ကမ်း ကိစ္စလိုဟာမျိုး ရုရှားက ကူညီမယ် ဘာမယ်ဆိုရင် ဒီလိုတော့ ရှိတယ် ရုရှားတစ်ဦးတည်း ဟုတ်ချင်မှ ဟုတ်မယ်။ အခုဟာက ကုမ္ပဏီတွေက သူက နိုင်ငံတကာ အရင်းအနှီး အစုအဖွဲ့တွေကို ခေါ်တာဆိုတော့ အဲဒီအထဲ တရုတ်လည်း ပါကောင်း ပါလာနိုင်တယ် ထင်တယ်။ အဲဒီလို စုပေါင်းပြီး လုပ်လို့ ရှိရင်တော့ စီးပွါးရေးက တစ်စုံတစ်ရာ လုပ်နိုင်ကောင်း လုပ်နိုင်မယ်။ ဒါပေမယ့် ထားဝယ်ဆိပ်ကမ်း နေရာမှာကိုက တည်ငြိမ်ဖို့ တော်တော် ခက်သေးတာကို” လို့ သူက ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာနဲ့ သံတမန်ရေး ကဏ္ဍစုံမှာ မဟာဗျူဟာမြောက် ပိုမို နက်ရှိုင်း လာတာကို တွေ့ရပါတယ်။

နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း “Operation Tropical Storm” အမည်ရှိ အထူးတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ကရင်မ်လင်နန်းတော် ထိပ်သီးဆွေးနွေးပွဲမှာ အစဉ်အလာအရ တွေ့ဆုံခဲ့ကြပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU) ၁၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲဒီထဲမှာ လျှပ်စစ်ဓာတ်အား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဒစ်ဂျစ်တယ် နည်းပညာတွေအပြင် အာကာသ နည်းပညာနဲ့ အဏုမြူ/နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါဝင်တာပါ။

ဒေါက်တာလှကျော်ဇောက “ကျမ ကြည့်နေတာ ဒီစစ်ကောင်စီ အခုလုပ်တာလည်း သူ့မှာ မဟာဗျူဟာ တိုင်းပြည်ကြီး ဘယ်လို တည်ဆောက်မယ်၊ စီးပွါးရေးဘယ်လို ဟိုဒင်းပြုအောင် လုပ်မယ်ဆိုတာထက် ဘယ်လိုခေါ်မလဲ အဲဒီလို အမြင်လည်း ရှိပုံမရဘူး။ ဟိုနေရာလေး ပြောလိုက်၊ ဒီနေရာလေး ပြောလိုက်။ အခုလည်း ရုရှားနဲ့ကြတော့ အဏှမြူစက်ရုံကြီးပဲ ဖွင့်တော့မလို၊ အဏှမြူဓာတ်အားပေး စက်ရုံကြီးပဲ ဖွင့်တော့မလို၊ ထားဝယ်ဆိပ်ကမ်းကြီးပဲ ချက်ချင်း လုပ်တော့မလိုလို ပြောနေတာပဲလေ။ တရုတ်နဲ့လည်း ဒီလိုပဲလေ မီးရထားလမ်းကြီး ဖောက်တော့မယ်၊ မြစ်စုံစီမံကိန်းကြီး ပြန်လုပ်တော့မယ် ဘာမယ်နဲ့ ပါးစပ်အပြောပဲရှိတာ။ တကယ့်တကယ် ကျမ ခုနက ပြောသလို စီးပွါးရေးအရ နာလန်ထူလာအောင် သူတို့ လုပ်နိုင်လိမ့်မယ် မထင်ဘူး။ သူတို့ အချင်းချင်းကြားမှာလည်း နည်းတဲ့ ပဋိပက္ခ မဟုတ်ဘူးလေ။ တော်ကြာ ဘယ်ဗိုလ်ချုပ် အဖမ်းခံရပြန်ပြီ။ တော်ကြာ ဘာဖြစ်ပြန်ပြီနဲ့ အများကြီး ကြားနေရတာ။ သိပ်တော့ မလွယ်ပါဘူး” လို့ ပြောပါတယ်။

ရုရှားနဲ့ စစ်ကော်မရှင်တို့ရဲ့ ဆက်ဆံရေးမှာ စစ်ရေးဟာ အဓိက မဏ္ဍိုင် ဖြစ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ စစ်ရေးနဲ့ နက်ရှိုင်းတဲ့ သံတမန်ရေး ဆက်ဆံရေးပေါ် အခြေခံပြီး နောက်ဆက်တွဲ တိုးချဲ့လာတာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

Related posts

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ