အာရက္ခတိုင်းမ်စ် (၂၉ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ရသေ့တောင်နဲ့ ဘူးသီးတောင်လမ်းတလျောက်က ဘေးယာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများနဲ့ ပြည်သူများ စုပေါင်းပြီး ကျွန်းပင် ထောင်ချီပြီး စိုက်ပျိုးနေတယ်လို့ သိရပါတယ်။
“ ဒီလ ၂၃ ရက်ကပဲ စပြီး စိုက်ကြတာ။ အခုနှစ်မှာ သစ်ပင်စိုက်တာကို လူငယ်တွေ ပိုပြီးတော့ ပါဝင်လာကြတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ စိမ်းလန်းရေးကို ပို စိတ်ဝင်တစား ရှိလာကြတယ်။ ဒီနှစ်တော့ သစ်ပင်စိုက်တာထပ် ရေရှည်တည်တံ့ဖြစ်ထွန်းဖို့ ပိုပြီး ဂရုတစိုက် လုပ်သွားပါမယ်” လို့ ရသေ့တောင်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း ရက္ခိုင်ပြည် စိမ်းလန်းသာယာစေရေးအတွက် “ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကို ဇွန်လ ၁ ရက်တွင် စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“သဘာဝပတ်ဝန်းကျင် ပျက်စီးမှု” နဲ့ “သစ်တောပြုန်းတီးမှု” စွမ်းအင်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မိုးရာသီ အပင်စိုက်ပျိုးရေး လှုပ်ရှားမှုများတွင် ရက္ခိုင်ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ တက်ကြွစွာ ပါဝင်ကြရန် “Green Arakkha စိမ်းလမ်းသော အာရက္ခပြည်” စီမံကိန်း လက်ကမ်းစာစောင်များ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ပြည်သူလူထုများအနေနဲ့လည်း အများအကျိုးအတွက် ရည်ရွယ်ပြီး စိမ်းလန်းစိုပြေတဲ့ ဒီရေတောများနဲ့ သစ်တောများ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးလိုပါက ဇွန်နဲ့ ဇူလိုင်လများတွင် မျိုးပင်များ အခမဲ့ လာယူနိုင်ပါတယ်လို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။
ပထမအဆင့်အနေနဲ့ မိမိတို့ရဲ့ နေအိမ်နဲ့ ခြံဝင်းတွေမှာ စိုက်ကြရမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ မိမိတို့ရဲ့ ရပ်ရွာများတွင် စိုက်ပျိုးကာ တတိယအဆင့်အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပါတီ၊ အစိုးရ ဌာနဆိုင်ရာအားလုံး ပူးပေါင်းပြီး စိုက်ပျိုးကြမယ်လို့ သိရပါတယ်။