အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်တွင် ရက်ဆက် မိုးကြီးမှုဒဏ်ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၆ ရွာနဲ့ ရပ်ကွက်ပေါင်း ၁၁ ခုထပ်မနည်း ရေကြီးနေတယ်လို့ သိရပါတယ်။
နြောက်ဦးမြို့နယ်က ရေကြီးနေတဲ့ ကျေးရွာတွေကတော့ ကျောက်ဆည်ပြင်၊ ကျီရာပြင်၊ ကန်စောက်၊ သပြီကန်၊ တိန်ညို၊ ဝက်လှ၊ ဝေသာလီ၊ စေတီတောင် (ရွာဟောင်း)၊ စေတီတောင် (ရွာသစ်)၊ ပေါင်းတုတ်၊ လောင်းကြက်၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ပိုးဖြူကျွန်း၊ ပီပင်ရင်း၊ မြောင်းဘွေ၊ တန်းပျံကြီး၊ ကျွဲတဲ၊ ကိုင်းတော၊ ပုရိန်ကုန်း၊ ဂါရာတောင်၊ နန်းကျား၊ မြောင်းဘွေချေ၊ ပေါက်တောပြင်၊ စေတီတောင်နဲ့ ကင်းဆိပ်ရွာ စတာတွေပဲ ဖြစ်ပါတယ်။
အလားတူ ရေကြီးနေတဲ့ ရပ်ကွက်တွေကတော့ မြောက်ဦးမြို့ပေါ်က အလယ်ဈေး၊ ဝသဲ၊ ဝမ်းတီး၊ ဆင်ချဆိပ်၊ ငခြောက်ဈေး၊ ပြင်ဈေး၊ အောင်တပ်၊ မြို့သစ်၊ မဟီဂျီ၊ အောင်မင်္ဂလာ၊ ဗန္ဒုလ စတဲ့ ရပ်ကွက်တွေပဲ ဖြစ်ပါတယ်။
ရက္ခိုင်ကမ်းရိုးတန်းနဲ့ ချင်းတောင်တန်းတစ်လျှောက် မုတ်သုံလေ တိုက်ရိုက် တိုးဝင်နေဆဲဖြစ်လို့ တစ်ပတ်တာလုံး မိုး အဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် ၄၀၀ မီလီမီတာ ကျော်အထိ ရှိနေမယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ရက္ခိုင်ပြည် မြောက်ပိုင်းဖြစ်တဲ့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေကြီးရေလျံတာတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။
Photo – APM