အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ နေ့လည် ၂ နာရီကျော်က ၂ ကြိမ် လာကြဲတယ်။ ၁ ကြိမ်ကို ၁ လုံးနဲ့ ၂ လုံးကြဲသွားတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် ဂွမြို့နယ်ကို ဇူလိုင်လ ၁၅ ရက် နေ့လည်း ၂ နာရီ ၂၃ မိနစ်နဲ့ ၂ နာရီ ၂၆ မိနစ်မှာ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံး ၂ လုံးဟာ အရင် ရွေးတုအစိုးရတပ် အခြေစိုက်ခဲ့တဲ့ တပ်ရင်းဟောင်းနေရာကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် ဂွမြို့နယ် မြို့မရပ်ကွက်နဲ့ သိမ်ကုန်းကွက်သစ်တွင် (၁) လုံး၊ ကင်းရုံရပ်ကွက်က ယခင် ကြံ့ခိုင်ရေးရုံးအဟောင်းဝန်းကျင်တွင် (၃) လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၁၃ ရက်ကလည်း ဂွမြို့နယ်က ကွင်းလျားရှည်ရွာ မြောက်ဖက် လယ်ကွင်းအစပ် တောင်ခြေများ၊ ရဟိုင်းကွင်းရွာ အနောက်ဖက် လယ် ကွင်းများ၊ ကျောင်းကုန်းရွာ အရှေ့ဖက် လယ်ကွင်းအစပ် တောင်ခြေများနဲ့ ကျောင်းကုန်းရွာရှိ ဦးအညီ နေအိမ်နဲ့ လမ်းမကြီးဘေးကို ဗုံး အလုံးရေ ၅၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။