စစ်တွေမှာ တိုက်ပွဲပြန်ဖြစ်နေ၊ ရွေးတုတပ် အထိနာလို့ လေကြောင်းက ပစ်ကူပေးနေ

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ရသေ့တောင်မြို့နယ်စပ်တွေမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ် အထိနာနေလို့ လေကြောင်းနေ ပစ်ကူတွေ ပေးနေရတယ်လို့ သိရပါတယ်။

“တပ်တော်က ရေချမ်းပြင်နားက ကာကင်းတွေကို ဝင်သိမ်းလို့ တိုက်ပွဲတွေ ဖြစ်နေတာလို့ ပြောတယ်။ ကျက်တောပြင်နားမှာလည်း ဖြစ်နေတယ် ပြောတယ်။ ကျမတို့ နေတဲ့နေရာကတော့ မကြားရပါဘူး။ ဒါပေမယ့် အဲဖက်က လာတဲ့သူတွေ ပြောကြလို့ သိရတာ၊ မြို့ထဲမှာတော့ လုံခြုံရေး ပိုတင်းကျပ်ထားတယ်။ ညဆို နာရီဝက် တစ်နာရီလောက်တစ်ခါ ကင်းလှည့်တာတွေ လုပ်နေတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရေချမ်းပြင်နဲ့ ကျက်တောပြင်ဟာ စစ်တွေမြို့ကနေ ၉ မိုင်ခန့်အကွာမှာ တည်ရှိပြီးတော့ ရသေ့တောင်မြို့နယ်က အငူမော်ရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရဟာ စစ်တွေမြို့နယ် ‌ရေချမ်းပြင်ရွာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှာ ရွာလုံးကျွတ်ကို နှင်ထုတ်ခဲ့ပါတယ်။ အဆိုပါ နှင်ထုတ်မှုကြောင့် ရေချမ်းပြင်ရွာသူ ရွာသား ၃၀၀ ကျော်ဟာ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက် မှီခိုနေရတယ်လို့ သိရပါတယ်။

စစ်တွေတိုက်ပွဲကို လေကြောင်းပစ်ကူလာပေးတဲ့ ရွေးတုအစိုးရတပ်ရဲ့ ဂျက်ဖိုက်တာဟာ ဇူလိုင်လ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားရာ နေရာကနေ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

ပွိုင့် ၂၂၇ စခန်းကို AA ထပ်မံသိမ်းပိုက်နိုင်

ကျောက်တော်က ရေမြုပ်ခဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်

ရှေးဟောင်းပစ္စည်း အပ်နှံခဲ့တဲ့ မြေးအဖိုးကို AA ဆုချီးမြှင့်