AAဟာ အင်အားနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး တပ်ဖွဲ့လို့ အမေရိကန်ထိပ်တန်း သုတေသနအဖွဲ့ပြော

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)

အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံအတွင်းမှာ အင်အားအကောင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာပြီလို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သောမူဝါဒသုတေသနအဖွဲ့ (Think Tank) ဖြစ်တဲ့ The Jamestown Foundation က ဖော်ပြထားပါတယ်။

The Jamestown Foundation ရဲ့ Arakan Army Becomes Most Effective Insurgent Force in Myanmar ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁၆ ရက်က ထုတ်ဝေတဲ့ လေ့လာသုံးသပ်ချက် အစီရင်ခံစာမှာ အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နဲ့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပါတယ်။

အဆိုပါထိုးစစ်ဟာ နယ်မြေအမြောက်အများနဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဆိုပါ အချိန်ကစတင်ကာ အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့တဲ့ ပြည်တွင်းစစ်သမိုင်းမှာ ဩဇာအရှိဆုံးနဲ့ အင်အားအကောင်းဆုံး တော်လှန်ရေးတပ်ဖွဲ့ ဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ အကြမ်းဖက်အဖွဲ့အဖြစ် ပြန်လည် သတ်မှတ်တာကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းကနေ စစ်ကောင်စီတပ်တွေကို မောင်းထုတ်ကာ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံငယ်သဖွယ် (Proto-state) ကို လက်တွေ့မြေပြင်မှာ ထုဆစ် ပုံဖော်နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်လို့ လူသိများပြားပြီး သူရဲ့ နိုင်ငံရေးဦးဆောင်မှုအဖွဲ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဖြစ်ပြီး အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အပြင် ပလက်ဝမြို့နယ်တို့ကိုပါ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်ခန့်) ရှည်လျားတဲ့ နိုင်ငံတကာ နယ်စပ်မျဉ်းတစ်ခုလုံးကိုလည်းကောင်း၊ ရက္ခိုင်ပြည်အတွင်းရှိ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အခြေခံ အဆောက်အဦး ချိတ်ဆက်မှု စီမံကိန်း အများစုကိုလည်းကောင်း လက်တွေ့မြေပြင်တွင် အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်ရဲ့ လက်ရှိ အမြဲတမ်းစစ်သည်အင်အားမှာ ၄၀,၀၀၀ ရှိပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ အကြီးမားဆုံး အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း (Non-state armed group) ဖြစ်သလို ရက္ခိတလမ်းစဉ်ကတဆင့် ရက္ခိုင်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတ်တော်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစတင်ပြီး ရက္ခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ဗမာလူမျိုးအများစု နေထိုင်ရာ ဗမာအညာမြေပြန့်ဒေသ (Bamar heartland) လို့ သတ်မှတ်ထားတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းဒေသတွေကို အကြီးစား တော်လှန်ရေး စစ်ဆင်ရေးတွေ ဆက်တိုက် ဆင်နွှဲလျက်ရှိနေပြီး ရက္ခိုင်ပြည် အပြင်ဘက်အထိပါ စစ်ဆင်ရေးနယ်မြေ တိုးချဲ့လာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်းနဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ခဲ့သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေးကွန်ရက်တစ်ခုကို တည်ဆောက်ကာ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးရဲ့ အဓိက ပံ့ပိုးကူညီသူကြီး (Major Patron) အဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ပညာသင်ကြားပေးတာကနေ ထောက်ပံ့ပို့ဆောင်ရေး (Logistics) အထိ အာရက္ခတပ်တော်ဟာ ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ လှုပ်ရှားနေတဲ့ အနည်းဆုံး တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့ကို အပြည့်အဝ (သို့) တစ်စိတ်တစ်ပိုင်း ပံ့ပိုးကူညီ ပေးထား တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Related posts

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)