အာရက္ခတိုင်းမ်စ် (၂၁ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ငါးတန်ပျင်းကျေးရွာက ရွာသူ၊ ရွာသား ၆၀ ခန့်နဲ့ ဘုန်းကြီး ၁ ပါးကို ဒီကနေ့ (၂၁ ရက်) ညနေပိုင်း ၃ နာရီကျော်အချိန်ခန့်မှာ မင်းပြားမြို့ ဒီလပ် (ရဲ) တပ်ဖွဲ့၀င်တွေက ဖမ်းဆီးသွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့၀င်တွေဟာ ငါးတန်ပျင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို နေ့လည်ပိုင်းအချိန်မှာ ကားတွေနဲ့ရောက်ရှိလာပြီးတော့ ဖမ်းဆီးမယ့် လူနာမည်တွေကိုခေါ်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရွာသားတွေက ပြောကြပါတယ်။
“ရဲတွေ ကားတွေနဲ့ ရောက်လာကြပြီးတော့ ဘုန်းကြီးကျောင်းကို ဝိုင်းထားကြတယ်။ သိမ်ထဲ ၀င်သွားပြီးတော့ ဆရာတော်နဲ့ ပြောကြတယ်။ ဘာပြောလဲတော့ ကျနော်မသိ လူကြီး ၃၊ ၄ယောက်တော့ သိမ်ထဲ ၀င်သွားကြတယ်။ ပြီး လူနာမည်တွေကို ခေါ်တယ်။ ဘာအမှုနဲ့ ဖမ်းရတာလဲလို့ မရှင်းပြဘူး။ ဒီအတိုင်း ဖမ်းသွားတယ်” လို့ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
ဒီလပ်တပ်ဖွဲ့၀င်တွေဟာ ဆရာတော် ထေရာ၀ဏ္သာနဲ့ အမျိုးသမီး၊ အမျိုးသား ၁၀ ဦးခန့်လောက်ကို ဖမ်းပြီးတော့ ပထမဆုံး အချုပ်ကားပေါ်ကို တင်လိုက်တယ်လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။
နောက် ရွာသူ၊ ရွာသားတွေဟာ ဘာကြောင့် ဒီလိုလုပ်တာကို ရှင်းပြပေးဖို့ တောင်းဆိုကြပေမယ့် ရှင်းပြကြခြင်း မရှိတဲ့အတွက် ဒီလပ်တပ်ဖွဲ့လည်းဖြစ် ငါးတန်ပျင်း ရွာသားလည်းဖြစ်တဲ့ ကျော်မိုး ဆိုသူကို တောင်းဆိုခဲ့ကြကြောင်း ပြောကြပါတယ်။
“ကျော်မိုး ဒီကိစ္စ ဘာဖြစ်တယ်ဆိုတာ နင်လည်း ကိုယ့်ရွာသားတစ်ယောက်ဘဲ။ တစ်ဖက်နဲ့တစ်ဖက် ပြဿနာမကြီးအောင် လုပ်ဆောင်သင့်တယ်လို့ အမျိုးတွေက ပြောကြတော့ သူက ပြန်လို့တော့ မပြောဘူး။ ဒါပေမ့ယ် နောက် အရာရှိထင်တယ် သူက အားမနာကြဘူး အကုန်ဖမ်းတင်ဆိုပြီးတော့ တေဘာကားပေါ် ဖမ်းလို့ တင်သွားကြတယ်” လို့ ရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပြပါတယ်။
သူကဆက်ပြီးတော့ “ရဲ (ဒီလပ်) ကား ရွာကို ၀င်လာတဲ့အခါမှာလည်း ဒီလပ်တပ်ဖွဲ့၀င် ကျော်မိုးရဲ့အမဖြစ်သူကိုယ်တိုင် ဒီလပ်ကားခေါင်းခန်းမှာ ထိုင်လို့ လိုက်တယ်” လို့ ပြောပါတယ်။
အဆိုပါ ငါးတန်ပျင်းကျေးရွာမှာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ဦးဧသိကဟာ ကျောင်းထိုင်မယ့် ဆရာတော်ကိစ္စနဲ့ပတ်သက်ပြီး လိုလားသူတစ်အုပ်စု မလိုလားသူတစ်အုပ်စု ပြဿနာရှိနေကြပြီး ဦးဧသိကကို ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ် မခန့်အပ် ကိစ္စကို အာရက္ခပြည် ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့က ဆုံးဖြတ်ထားပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်မှာတော့ ဦးဧသိကဟာ ကန္နီဂိုဏ်း၀င် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ငါးတန်ပျင်းဘုန်းတော်ကြီးကျောင်းတွင် ပျော်သလောက် သီတင်းသုံး နေထိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ကျောင်းတိုက်ဟာ ကန္နီဂိုဏ်းကပဲ ပိုင်ပါတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ထိုသို့ ဆုံးဖြတ်ရာမှာလည်း ဦးဧသိက ပါ၀င်တဲ့ ရွာသား ငါးဦးနဲ့ ဦးဓမ္မာနန္ဒ ပါ၀င်တဲ့ ရွာသားငါးဦးဟာ ဆုံးဖြတ်ချကို လိုက်နာပါမယ်ဆိုပြီး ဗဟိုသံဃာ့အကျိုးဆောင် ဒုတိယအလှည့်ကျအဖွဲ့ ရှေ့မှောက်မှာ ၀န်ခံလက်မှတ် ရေးထိုးခဲ့ရပါတယ်။
“ဗဟိုသံဃာ့အဖွဲ့ဟာ ဆုံဖြတ်ချက်ကို အရင် မဖတ်ကြားသေးဘဲ အဖြူလား အမဲလား ဘာဖြစ်လာမလဲ မသိခင် အရင် နှစ်ဖက် တရားလို၊ တရားပြိုင်တွေကို လက်မှတ်ထိုးခိုင်းတာ ဝိနိစ္ဆယ ဥပဒေနဲ့ မညီဘူး။ လက်မှတ်ထိုးပြီးမှ ငါတို့ ဆုံးဖြတ်နာခံ ဘာမှ ကွန်ပလိမ့်တက်စရာ မရှိဘူး ဖြစ်သွားပြီ” လို့ ဆရာတော် တစ်ပါးက သုံးသပ်ပါတယ်။
အဲဒီလို ဆုံးဖြတ်ပြီး ဆုံးဖြတ်အရ ကျောင်းတိုက်ကို ဂိုဏ်းကပိုင်တဲ့အတွက် ဂိုဏ်း၀န်ဆရာတော်ကြီး ၆၀ ကျော်ရဲ့ သဘောတူညီချအရ ငါးတန်ပျင်းကျောင်းကို နှစ်ခြမ်းခွဲကာ ခြံစည်းရိုး ထိုးလိုက်ကြပါတယ်။
“ဗဟိုက ဆုံးဖြတ်ချက်အရ ကျောင်းကို ဂိုဏ်းက ပိုင်တဲ့အတွက် ဆရာတော် အပါး ၆၀ ကျော်ဟာ ဦးဧသိကကို မကိုးကွယ်တဲ့ လူတွေဟာ ကိုးကွယ်ရာမဲ့ဖြစ်တဲ့အတွက် ကိုယ်တော် ထေရာ၀ဏ္သာကို သိမ်တွင် သီတင်းသုံးခိုင်းပြီး ရွာသူ၊ ရွာသားများကိုယ် ရန်မဖြစ်ရန်အတွက် ချမှတ်ပေးလိုက်တယ်။ ပြသနာမဖြစ်အောင် ကိုယ့်ဘက်အခြမ်း သူတို့ဘက်အခြမ်း ဆိုပြီး ခြံစည်းရိုး ကာရံလိုက်တယ်” လို့ ရွာသားတစ်ဦးက ရှင်းပြပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်လို့လည်း ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ရာမှာ ၀န်ခံလက်မှတ် ထိုးခဲ့ကြတဲ့ ဦးဓမ္မာနန္ဒ နဲ့အတူ ရွာသား ၅ ဦးတို့မှာ မင်းပြားမြို့နယ်တရားရုံးမှာ အစိုးရက တရားလို အဖြစ်နဲ့ စွဲဆိုတဲ့ အမှု ရင်ဆိုင်နေရတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်တယ်လို့ ရွာသားတွေထံက သိရပါတယ်။
“သူတို့ တရားလည်း စွဲထားကြပြီ၊ ဘာမှ မဆုံးဖြတ်ရသေးဘူး၊ ဆုံးဖြတ်လို့ အပြစ်ရှိရင်လည်း ခံမယ် ခြံစည်းရိုးလည်း ရုတ်ပေးမယ်။ ဒါပေမယ့် အခုလိုတော့ အာဏာသုံးပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာ ရင်နာလို့မဆုံး။ တစ်ချိန်က စကစ ဆီမှာ အဖမ်းခံ အသတ်ခံရပြီး ပေးဆပ်ခဲ့ရတဲ့ ကျနော်တို့ ရွာသူ၊ ရွာသားတွေဟာ အခု ဒီလို အဖြစ်နဲ့ ကြုံလာရပါတယ် အာဏာပိုင်တွေဆီမှာ။ ဒီလို ဖြစ်ပျက်နေကြတာကိုလည်း ဗိုလ်ချုပ် သိစေချင်ပါတယ်။ ဗိုလ်ချုပ် နားထဲ ရောက်ဖို့ လိုပါတယ်။ အောက်ခြေမှာ ဒီလို ဥပဒေမဲ့ လုပ်နေတာတွေကို သိဖို့ လိုပါတယ်” လို့ အသက် ၄၀ အရွယ် ကျေးရွာသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီလပ် ဖမ်းဆီးသွားတဲ့ လူပေါင်း ၆၀ ခန့်မှာ အသက် ၃၀နှစ်ကျော် အမျိုးသား၊ အမျိုးသမီး အရွယ်ကနေ အသက် ၈၀ နှစ်အရွယ် အဘိုးအို၊ အဘွားအိုတွေလည်း ပါ၀င်သွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။