ပုဏ္ဏားကျွန်းလမ်းဘေးတွင် စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးကို အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ပြုစုစောင့်ရှောက်ထား

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ပိုင်နက်ရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ံထားရတဲ့ မွေးကင်းစကလေးငယ်ကို အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက လက်ခံကာ ပြုစု စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

“အသက် ၃၀ ကျော် ပေါက်တောဇာတိ အမျိုးသမီးတစ်ယောက် ပုဏ္ဏားကျွန်းကနေ မြောက်ဦးကို ဆိုင်ကယ်နဲ့ လာတဲ့အချိန်မှာ ပုဏ္ဏားကျွန်းပိုင်နက် လမ်းတစ်နေရာမှာ ဆိုင်ကယ်ပျက်လို့ ရပ်နေချိန် ကားလမ်းဘေးက ခြုံတစ်ခုနားမှာ ကလေးငိုသံကြားလို့ ကြည့်တဲ့အခါ ကလေးကို မိုးကာနဲ့ထုပ်ပြီး ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့ပါတယ်။ အဆိုပါ အမျိုသမီးက အိမ်မှာ နှစ်ပတ်ကျော်လောက် မွေးစားထားပြီး ကျနော်တို့ဂေဟာကို စုံစမ်းသိရှိလို့ လာအပ်တဲ့ ကလေး ဖြစ်ပါတယ်” လို့ အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ဆိုပါတယ်။

အဆိုပါ ကလေးငယ်ကို ဇူလိုင်လ ၁၇ ရက်က အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို လာရောက် အပ်နှံခဲ့တာလို့လည်း သိရပါတယ်။

“တခြားနေရာတွေကို ထပ်မစွန့်ပစ်ဘဲ လူသားဆန်စွာနဲ့ သမီးလေးကို ဒီကျောင်းဂေဟာကို လာပို့ပေးတဲ့ မမကိုလည်း ကျနော်တို့က ဂေဟာက ကျေးဇူးတင်ပါတယ်။ သမီးလေးကို ဂေဟာကနေ နွေးနွေးထွေးထွေး ကြိုဆိုပါတယ် သမီးလေး” လို့လည်း အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ကလေးငယ် ၁၂ ဦး အထိ ရှိလာနေပြီလို့လည်း သိရပါတယ်။ ရက္ခိုင်ပြည်အတွင်း စစ်ပွဲဒဏ်ကြောင့် အမိ (သို့) အဖ ဆုံးရှုံးသွားတဲ့ ဆယ်နှစ်အောက် ကလေးငယ်တွေကို လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိရှိ ပညာသင်ယူနိုင်ရန်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး မိမိကိုယ်ပိုင်ဘဝကို အဆင့်အတန်းရှိရှိ ဖန်တီးတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး အာရက္ခလူငယ် ဖွံဖြိုးရေးကျောင်းကို စတင် တည်ထောင်ခဲ့တာလို့လည်း သိရပါတယ်။

Related posts

သံတွဲမြို့နယ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ(၁ နှစ်အရွယ်ကလေး ဒဏ်ရာရပြီး သူ့မိဘနှစ်ဦးလုံး သေဆုံး)

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူ ၆ သိန်းနီးပါးအထိ ရှိလာ

AA တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း လုံးဝမရှိဘဲ ရွေးတုအစိုးတပ်က တပ်ဖွဲ့ဝင်တွေသာ ဆက်တိုက် လက်နက်ချနေ