အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆)
အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ချ အလင်းဝင်ခြင်းမရှိဘဲ ရွေးတုအစိုးရတပ်က တပ်ဖွဲ့ဝင်တွေသာ ဆက်တိုက်ဆိုသလို လက်နက်ချတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။
“မြေပြင် ပကတိ အရှိတရားကတော့ အကြမ်းဖက် စစ်ကော်စီတပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်တွေ ပျက်ပြားနေပြီး အဖွဲ့လိုက် ထွက်ပြေးတာတွေ တစ်ယောက်ချင်း ထွက်ပြေးလာပြီးတော့ ကျနော်တို့ဆီမှာ လက်နက်လာချတာတွေ မကြာမကြာ ရှိပါတယ်။ တချို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (ပစ) တွေ ခြေဦးတည့်ရာ ထွက်ပြေးလာလို့ ကျနော်တို့ ဖမ်းမိထားတာ အများကြီး ရှိပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။
ရွေးတုအစိုးရဟာ ဇူလိုင်လ ၂၉ ရက်မှာ အာရက္ခတပ်တော်က တပ်ဖွဲ့ဝင် ၂၀ ဦး အပါအဝင် ၃၂ ဦး အလင်းဝင်ရောက်လာတယ်လို့ ထုတ်ပြန်ချက်အပေါ် အခုလို တုန့်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
“ဒီဟာက လုံးဝ သတင်းအမှားသာ ဖြစ်တယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ ဒီလိုမျိုး အရှက်မရှိ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လာတာ အကြိမ်ကြိမ် ရှိပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက် စစ်ကောင်စီဆီမှာ လက်နက်ချ အလင်းဝင်တဲ့ ဖြစ်စဉ် လုံးဝ မရှိပါ” လို့ ဦးခိုင်သုခက ဆိုပါတယ်။
ရွေးတုအစိုးရထံ အာရက္ခတပ်တော်မှ အလင်းဝင်လာသူများမှာ ဂွမြို့နယ်က ၄ ဦး၊ သံတွဲမြို့နယ်က ၆ ဦး၊ တောင်ကုတ်မြို့နယ်က ၁ ဦး၊ မင်းပြားမြိုနယ်က ၁ ဦး၊ ရမ်းဗြဲမြို့က ၁ ဦး၊ မြေပုံမြို့က ၂ ဦး၊ ပလက်ဝမြို့နယ်က ၃ ဦး၊ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်က ၁ ဦး ၊ လေးမျက်နှာမြို့နယ်က ၁ ဦး တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။