အာရက္ခတိုင်းမ်စ် (၈ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည်တွင် လာမယ့် ၁၀ရက်နေ့ကစတင်ပြီး ရက်ရှည် မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို မိုးအလွန်ကြီးနိုင်တယ်လို့ သိရပါတယ်။
“ဩဂုတ် ၁၀ ရက် – ၁၁ ရက် (တနင်္လာ၊ အင်္ဂါ) – ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်က ရေငွေ့ကြွယ်ဝတဲ့ မိုးတိမ်ကြီးများဟာ တနင်္သာရီတိုင်း၊ မွန်၊ ကရင်နဲ့ ရက္ခိုင်ကမ်းရိုးတန်းတို့ကို အရှိန်အဟုန်ပြင်းစွာ ပိုမို တိုးဝင်လာမှာဖြစ်ပြီး ကမ်းရိုးတန်းနဲ့ တောင်တန်းဒေသများတွင် ရက်ရှည် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနိုင်ပါမယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင် ဆိုပါတယ်။
အလားတူ ဩဂုတ်လ ၁၂ ရက် ကနေ ၁၄ ရက်ထိ (ဗုဒ္ဓဟူး မှ သောကြာ) မုတ်သုံမိုးတိမ်ထု ဗဟိုချက်ဟာ မြန်မာနိုင်ငံ တောင်ပိုင်း (တနင်္သာရီ) နဲ့ အနောက်ဘက် (ရက္ခိုင်) ဒေသများတွင် ဆက်လက် အားကောင်းနေမယ်လို့လည်း သိရပါတယ်။
“စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရက္ခိုင်ပြည်တို့တွင်လည်း မုတ်သုံလေ တိုက်ရိုက်ဝင်ရောက်မှုနဲ့ တောင်တန်းအတားအဆီးများကြောင့် မိုးအလွန်ကြီးမယ်” လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထပ်မံဆိုပါတယ်။
ဇူလိုင်လဆန်းကလည်း ရက္ခိုင်ပြည်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ် ၈ မြို့နယ်ခန့်ဟာ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တချိ့မြို့နယ်တွေမှာ ချောင်း/မြစ်ရေ တိုက်စားမှုကြောင့် နေအိမ် ပြိုပျက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။