AA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့ ဗျူဟာလို့ ခိုင်သုခ ပြော

အာရက္ခတိုင်းမ်စ် (၂၂ ဩဂုတ် ၂၀၂၆)

အာရက္ခတပ်တော်ကို ရွေးတုအစိုးရက ငွေကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်တယ်လို့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ချက်ဟာ စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့် ဗျူဟာတခုဖြစ်တယ်လို့ ဦးခိုင်သုခက တုန့်ပြန်ပါတယ်။

“ဒီဟာက အခြေအမြစ်မရှိ ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်။ ကျနော်တို့နဲ့ ဆက်စပ် ပတ်သက်မှု မရှိပါဘူး။ အကြမ်းဖက် စစ်ကော်မရှင်ဟာ စစ်ရေး၊ နိုင်ငံရေး ကျရှုံးမှုတွေနဲ့ များလာတဲ့ အခါတိုင်း တဘက် အဖွဲ့အစည်းကို သိက္ခာချဖို့ သူတို့မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီး အခုလို လုပ်ကြံ စွပ်စွဲချက်တွေနဲ့ ယုတ်ညံ့ အောက်တန်းကျစွာ တိုက်ခိုက်လေ့ ရှိတယ်။ ဒီဟာက စစ်ကောင်စီရဲ့ အဆက်ဆက် ကျင့်သုံးလာတဲ့ မရိုးနိုင်တဲ့ လုပ်ကြံဝါဒဖြန့် ဗျူဟာတစ်ခု ဖြစ်တယ်” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။

မကွေးတိုင်း၊ မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဩဂုတ်လ ၁၂ ရက်ကနေ ၁၅ ရက်အတွင်း စိတ်ကြွဆေးပြား ၂၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးတွေကို မင်းတုန်းမြို့နယ်ကနေတဆင့် ရက္ခိုင်ပြည်ကို အာရက္ခတပ်တော်ရဲ့ စီးပွားရေး တာဝန်ခံတွေဖြစ်တဲ့ ဦးထွန်းကျော် နဲ့ ဦးဘညွန့်တို့က သယ်ယူကြမှာ ဖြစ်တယ်လို့ သြဂုတ်လ ၁၉ ရက်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် မေလ ၁ ရက်ကလည်း ရွေးတုအစိုးရဂိတ် အဆင့်ဆင့်ကနေ ငွေကြေးယူကာ လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးဝါး ၃၂ သိန်းကို ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။

အာရက္ခတပ်တော် လှုပ်ရှားနေရာ နယ်မြေ၊ ဒေသတိုင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေး အပြင်”ကျားဖျန့် လုံးဝမရှိစေရ”၊ “ကျားဖျန့် သမားများအတွက် နေရာ လုံးဝ မရှိစေရ” ဆိုတဲ့မူကို အခိုင်အမာ စွဲကိုင်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်လျက် ရှိတယ်လို့လည်း သိရပါတယ်။

Related posts

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိ၊ ထွက်ပေါ်နေတဲ့ သတင်းဟာလည်း လုပ်ကြံခြင်းသာဖြစ်တယ်လို့ ALP ဆို

မင်းတုန်းကနေ ရက္ခိုင်ကို အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ရန် ရွေးတုတပ် ပြင်ဆင်နေ

စစ်တွေထောင်က လွတ်လာတဲ့ နိုင်ကျဉ်း ၄၀ ခန့်ကို ထောင်ဘူးဝတွင် ပြန်ဖမ်း