အာရက္ခတိုင်းမ်စ် (၂၃ ဩဂုတ်လ ၂၀၂၆)
ဗျိုင်းဖြူရွာ ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသလို လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများမှာလည်း လုပ်ကြံခြင်းသာ ဖြစ်တယ်လို့ ALP ပါတီက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၂၀၁၅ ခုနှစ်တည်းက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ တရားဝင် NCA လက်မှတ်ရေးထိုးထားတဲ့ ပါတီဖြစ်ပြီး ဥပဒေဘောင်အတွင်းမှာသာ နေထိုင်လျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သို့သော် မသမာသူများမှ သတင်းမီဒီယာများကို အသုံးချပြီး ၂၀၂၃ ခုနှစ်မှစကာ ALP ပါတီ နဲ့ ပြည်သူများအကြား သွေးခွဲခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဗျိုင်းဖြူရွာကိစ္စတွင်လည်း (ALP) ကို ထည့်သွင်း အမည်ဖျက်ခဲ့ကြသဖြင့် (ALP) အနေနဲ့ လုံးဝ ပါဝင်ပတ်သတ်မှု မရှိခဲ့ကြောင်း ဇွန်လ (၃) ရက်နေ့တွင် ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ယခုရက်ပိုင်းတွင် ကြီးလေးသော နိုင်ငံတကာ ရာဇာဝတ်မှုတွင် ALP ပါဝင်ပတ်သတ်မှု ရှိမရှိ (IIMM) Independent Investigative Mechanism for Myanmar က လေ့လာနေကြောင်း သတင်းထွက်ပေါ်ချိန်တွင် လုပ်ကြံထားတဲ့ သတင်းတစ်ပုဒ်ဟာ Deep sigh သတင်းမှာ ဩဂုတ်လ (၁၉) ရက်နေ့တွင် ဖော်ပြထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ သတင်းဟာ လုပ်ကြံ သတင်းတပုဒ်သာ ဖြစ်တယ်လို့ မြန်မာပြည်သားများ၊ မြန်မာပြည်အကြောင်း၊ ရက္ခိုင်ပြည်အကြောင်း စိတ်ဝင်စားတဲ့ သတင်းသမားများကို ALP က အခိုင်အမာ ပြောကြားပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။