စစ်တွေမှာ ကုန်သင်္ဘောတွေရောက်လည်း ဈေးမကျဘဲ ကုန်ဈေနှုန်းထပ်တက်နေဆဲ

အာရက္ခတိုင်းမ်စ် (၂၄ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ ကုန်တင်သင်္ဘောတွေ ရောက်ခဲ့ပေမယ့်လည်း ကုန်ဈေးနှုန်းတွေဟာ မကျသွားတဲ့အပြင် ပိုတောင်တက်သွားသလို ဝမ်းပျက် ဝမ်းလျှော အဖြစ်များနေတာကြောင့် ဓာတ်ဆားထုတ်တွေတောင် ဝယ်မရဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေမှာ သင်္ဘောရောက်နေပေမယ့်လည်း ကုန်ဈေးနှုန်းတွေက တက်တာက တက်တာပါပဲ။ စားဆီ တစ်လီတာ ၅၀ သားကို တစ်သောင်းခွဲ၊ Good choice တစ်လီတာကို တစ်သောင်းနှစ်ထောင်။ ကြက်သွန်နီ တစ်ပိဿာကို တစ်သောင်းလေးထောင်လည်း ပေးရတယ်၊ တစ်သောင်းခွဲလည်း ပေးရတယ်။ ကော်ဖီမစ်ဆိုရင် ကိုင်တောင် မကိုင်နိုင်တော့ဘူး။ ကော်ဖီမစ် အထုပ်ချေ အထုပ်တစ်တွဲကိုတောင် ရှစ်ထောင် ဖြစ်နေပါပြီ။ အတန်ဆုံးကတော့ ရွှေဖီဦးဆိုတဲ့ လက်ဖက်ရည်။ အဲဒီတစ်ခုပဲအတန်ဆုံးပါ။ အဲဒီတစ်ခု တစ်ပါကင်ဆိုမှ တစ်သောင်းတစ်ထောင်ပဲ ရှိပါတယ်။ အားလုံး ဈေးကြီးပါတယ်။ အချိုမှုန့်လည်း ဈေးကြီးတယ်၊ အားလုံး ဈေးကြီးတယ် စစ်တွေမှာ။ ဝမ်းသွားနေကြတာမှ ဓာတ်ဆားထုတ်တောင် ဝယ်လို့ မရဘူး” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်ခန့်က စစ်တွေမြို့ကို ဆန်နဲ့ အခြေခံ စားသောက်ကုန်ပစ္စည်း တန်ချိန် ၄ ထောင်နီးပါး ရောက်ရှိလာတယ်လို့ ရွေးတုအစိုးရကနေ တက်လာတဲ့ ပြည်နယ်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ကုန်ပစ္စည်းတွေကို ဈေးကွက်အတွင်း အမြန်ဆုံး ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်မှု မရှိတဲ့နေရာတွေကို မရောက်ရှိစေရေးနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးကို အယောင်ဆောင် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မှာကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမယ့် လက်တွေ့ မြေပြင်မှာတော့ အခြေခံ စားသောက်ကုန်တွေဟာ လိုသလောက် မရရှိသလို ဈေးတွေကလည်း မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။

စစ်တွေဒေသခံတစ်ဦးက “သင်္ဘောရောက်တာက နှစ်စီး၊ သုံးစီး ရှိပါဖို့။ အဲဒီ နှစ်စီး၊ သုံးစီးက ဘယ်လိုမျိုးလဲဆိုတာ ကျမတို့လည်း ခန့်မှန်းလို့ မရဘူး။ သူတို့က ရောက်တယ်။ အဲဒီသင်္ဘောမှာ ပစ္စည်းတွေ မပါဘူးလို့ ပြောတယ်။ ကုန်သည်တွေ သိမ်းထားကြတာလား၊ ကုန်သွားတာလား မပြောတတ်ပါ။ စားကုန်သောက်ကုန်ထဲမှာ ဒညင်းသီးတွေ ပါတယ်။ ငရုတ်သီးစိမ်းတွေ ပါတယ်။ ဒညင်းဝက်တွေ ပါတယ်။ ခရမ်းချဉ်သီးတွေပါ ပါတယ်။ ရွှေဖရုံသီးတွေ ပါပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာတော့ အလုပ်အကိုင် ရှားပါးမှု၊ ဒေသခံတွေ ငတ်မွတ်နေမှု ပြဿနာကို မဖြေရှင်းပဲ လျှပ်စစ်မီးရရှိအောင် ဦးစွာ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Related posts

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိ၊ ထွက်ပေါ်နေတဲ့ သတင်းဟာလည်း လုပ်ကြံခြင်းသာဖြစ်တယ်လို့ ALP ဆို

AA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့ ဗျူဟာလို့ ခိုင်သုခ ပြော

မင်းတုန်းကနေ ရက္ခိုင်ကို အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ရန် ရွေးတုတပ် ပြင်ဆင်နေ