အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးငယ်တစ်ဦးဟာ မိမိဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန်လာရောက်ရာ အသက်မပြည့်သေးလို့ အာရက္ခတပ်တော် တာဝန်ရှိသူတွေက မိဘတွေထံ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာ ပြန်လည် အပ်နှံလိုက်တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်ထံ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်သူမှာ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က အသက် ၁၃ နှစ်အရွယ် Grade-7 ကျောင်းသားဖြစ်သူ ဦးသာဇံနဲ့ ဒေါ်ချေဝင်း တို့ရဲ့ သားဖြစ်သူ မောင်ဝေယံမင်း ဖြစ်တယ်လို့ သိရပါတယ်။
“သူက သူ့အသိ မြိုလူမျိုး ၂ ဦးနဲ့အတူ တပ်တော်ထဲ စစ်မှုထမ်းဖို့လာတာ။ အသက်က မပြည့်သေးတာကို တွေ့ရလို့ မိဘတွေကို ဆက်သွယ်ပြီး ပြန်လည် အပ်နှံလိုက်တာပါ” လို့ ကျောက်တော်မြို့နယ်က တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စက်တင်ဘာလ ၁ ရက်ကလည်း စစ်မှုထမ်းရန် လာရောက်တဲ့ မြောက်ဦးမြို့နယ်က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း အာရက္ခတပ်တော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။
အလားတူ သြဂုတ်လ ၁၉ ရက်မှာလည်း အရက္ခတပ်တော်ထံ မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးတစ်ဦးကို မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။
သြဂုတ်လ ၁၈ ရက်ကလည်း မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို မိဘများထံ အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့ပါသေးတယ်။
ပုံ – One Nation News