အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၆)
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာလ ၃ ရက် ညနေပိုင်းက မြေမြှုပ်မိုင်း နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ပြည်သူတစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ထင်းခုတ်သွားတာလို့ ပြောကြတယ်။ သူက ရက္ခိုင်က ဂွကနေ စစ်ရှောင်ပြီး ကက္ကူကြီးရွာမှာ လာနေတာ။ ထင်းခုတ်သွားရင်းနဲ့ လယ်ကွင်းထဲမှာ စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီးတော့ ဒဏ်ရာပြင်းထန်ရပြီး ဆုံးသွားတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ် မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ သေသုံးသွားတဲ့ ရက္ခိုင်စစ်ဘေးရှောင် ပြည်သူကတော့ အသက် ၄၀ အရွယ် ကိုချစ်ကို ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီက လယ်တွေက ပြီးခဲ့တဲ့လက (သြဂုတ်) စစ်တပ်က စစ်ကြောင်းထိုးရင်း စခန်းချခဲ့တဲ့ နေရာတွေဖြစ်တယ်။ ပြည်သူတွေမှာလည်း ရွေးချယ်စရာ မရှိဘူး။ အသက်ထက် စားဝတ်နေရေးက အရေးကြီးလာတော့ ထင်းခုတ်၊ ဟင်းရှာ ထွက်ရတာပဲ။ သေမှသေ ဆိုတဲ့ အနေအထားပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
သြဂုတ်လ ၁၈ ရက် ညနေဖက်ကလည်း လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာအနီးမှာ ရွေးတုအစိုးရတပ် မြှုပ်နှံခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင် စစ်ဘေးရှောင် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပါတသးတယ်။
အလားတူ ဇူလိုင်လ ၂၄ ရက် ညနေကလည်း ရွေးတုအစိုးရတပ် မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ – အာရက္ခတပ်တော်က မြေမြှုပ်မိုင်း ရှင်းလင်းပေးနေစဉ်