အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့က ပြည်သူတွေ ထပ်မံပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ထပ်မံပြီး စစ်ဘေးရှောင်နေရတဲ့ မြို့နယ်တွေကတော့ ဂွ၊ သံတွဲ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
“သံတွဲခရိုင်လေ၊ ငပလီ ကျိန္တလီနဲ့ ဂွကသူတွေကတော့ ဒီလဆန်းကတည်းက ပင်လယ်နားကနေ စစ်ရှောင်သွားကြပြီ။ တချို့လည်း စုပေါင်းပြီး စခန်းလို နေတာရှိတယ်။ တချို့လည်း ဘေးလွတ်မယ်ထင်တဲ့ တောတောင်တွေမှာ ယာယီတဲထိုးနေကြတယ်။ အခက်ခဲကတော့ ကျန်းမာရေးပေါ့။ နေထိုင်မကောင်းဖြစ်မှာကို တော်တော်လေး စိုးရိမ်ရတယ်။ ဆေးဝါးလည်း ဈေးကြီးတယ်။ ဆေးခန်းပြဖို့ဆိုတာ အိမ်မက်တစ်ခုလို အနေအထားပါ” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အာရက္ခဒေသ၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ ရေကြောင်း တိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အလားတူ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်က ဒေသခံပြည်သူတွေဟာလည်း ရွေးတုအစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာကို စစ်ဘေးရှောင်နကြရတယ်လို့ သိရပါတယ်။
“ပုဏ္ဏားကျွန်းဆို စစ်တွေနဲ့ နီးတဲ့ ရွာတွေ မပြောနဲ့ မြို့ပေါ် ပြန်နေတဲ့သူတွေတောင် ပြန်ပြေးနေရတယ်။ ရသေ့တောင်လည်း အဲလိုပဲ စစ်တွေဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဉ်နဲ့ လာပြီး ဗုံးကြဲတယ်။ တကြော့ပြန် စစ်ဘေးရှောင် ပြန်ဖြစ်နေပြီ” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းနယ်စပ်တွင် စက်တင်ဘာလ ၄ ရက်က စတင်ပြီး ရွေးတုအစိုးရတပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တွေအခြေစိုက် တပ်ရင်း ၉ ခုနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး တောက်လျှောက် ပစ်ခတ်နေလို့ ပုဏ္ဏားကျွန်းမြို့အနီး ကားလမ်းမတကြောကို အာရက္ခတပ်တော်က ယာယီသွားလာခွင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။