ကျောက်တော်တွင် ခြံစောင့်သမီးကို မုဒိန်းကျင့်တဲ့ ခြံရှင်ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ခြံစောင့် အလုပ်လုပ်နေသူရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် သမီးငယ်ကို မုဒိမ်းကျင့် ထွက်ပြေးနေတဲ့ ခြံပိုင်ရှင်ကို နှစ်လကျော်ကြာမှာ ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင် မြောက်ဦးအထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ပြစ်မှု ကျူးလွန်သူ တရားခံ ဦးမောင်အေးလှကို မြောက်ဦးအထူးတရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၀ နှစ်၊ ပုဒ်မ-၃၇၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မုဒိန်းမှု ကျူးလွန်သူမှာ ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ခြံပိုင်ရှင် ဦးမောင်အေးလှ ဖြစ်ပြီး သူ့ကို ဇူလိုင်လ ၃၀ ရက် နံနက် ၂ နာရီအချိန်တွင် နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ခြံစောင့်မိသားစုဟာ ကျောက်တလုံးကျေးရွာကနေ ၂၀၂၆ ခုနှစ် မတ်လကုန်တွင် ဦးမောင်အေးလှ ပိုင်ဆိုင်တဲ့ ရမ်းချောင်းတောအတွင်းရှိ ဥယျာဉ်ခြံတွင် တစ်နှစ်လျင် လုပ်ခငွေကျပ် ၁၈ သိန်းနဲ့ မိသားစုလိုက် လာရောက် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၅ ရက်တွင် တဲမှာ အသုံးပြုရန် ဆိုလာပြား သွားရောက် ယူဆောင်ရန် ခြံပိုင်ရှင် ဦးမောင်အေးလှက အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို အဖော်အဖြစ် ထည့်ပေးလိုက်ရန် ပြောဆိုခဲ့လို့ လိုက်ပါသွားခဲ့ပြီး ဧပြီလ ၆ ရက် ညနေပိုင်းတွင် ဥယျာဉ်ကို ပြန်လာကြစဉ် လမ်းခုလတ်မှာ ညအိပ်ကြရာ ဦးမောင်အေးလှက အတင်းအဓမ္မ မုဒိန်း ပြုကျင့်ခဲ့တဲ့အပြင် ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ထပ်မံ မုဒိန်းကျင့်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ လကုန်ပိုင်းမှာ အဆိုပါ မိန်းကလေးရဲ့ ညီမဖြစ်သူ အသက် ၈ နှစ်အရွယ်ကို ငွေ ကျပ် ၄,၀၀၀ နဲ့ အချိုရည်တစ်ထုတ် ပေးမယ်ဆိုပြီး သူ့ရဲ့ အင်္ဂါဇာတ်ကို ဆုပ်ကိုင်ခိုင်းပြီး ကာမဆန္ဒ ပြီးမြောက်အောင် ပြုလုပ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့က မေလ ၁၅ ရက်တွင် ဒီလပ်စခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှု) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မြောက်ဦးခရိုင် ဥပဒေရုံး အကြံပြုချက်အတိုင်း ဩဂုတ်လ ၂၈ ရက်တွင် မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲဆို တင်ပို့ထားပြီး စက်တင်ဘာလ ၅ ရက်က ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ပြည် မြို့ ၄ မြို့က ပြည်သူတွေ ထပ်မံ စစ်ဘေးရှောင်နေရ

“ဂွာနိကား (Guernica) သို့ တိုင်တည်ခြင်း”

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင်တစ်ဦး ထပ်မံသေဆုံး