ပုဏ္ဏားကျွန်းထိုးစစ် လေယာဉ်ပစ်ကူပေးပေမယ့် AA တန်ပြန်စစ်ကြောင့် ရွေးတုတပ် တပ်ပြန်ဆုတ်

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ရွေးတုအစိုးရတပ်က ထိုးစစ်ဆင်နေတာကို လေကြောင်းကနေ ပစ်ကူပေးနေပေမယ့် အာရက္ခတပ်တော်ရဲ့ တန်ပြန်စစ်ကြောင့် ရွေးတုအစိုးရတပ် တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်တွေမြို့နယ်ကနေ မင်းချောင်းတံတားကို ဖြတ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်ဆက်တိုက် ရှိလာနေတာလည်း ဖြစ်ပါတယ်။

“တိုက်ပွဲ စဖြစ်ကတည်းကပဲ စစ်တပ်က တက်လိုက် ဆုတ်လိုက်နဲ့ ကစားနေတာ။ စစ်မြှူတယ် ပြီးတော့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒရုန်းနဲ့ ပစ်တယ်။ လေကြောင်း စစ်ကူခေါ်တယ်ပေါ။ တောက်လျောက်ကို ပစ်သံ ပေါက်ကွဲသံ ကြားနေရတာ။ ဒီနေ့တော့ အမြင့်ကျွန်းတံတားကနေပါ ပြန်ဆုတ်သွားပြီ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ ဒီကနေ့မှာ စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီးတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် (၇) နာရီ (၄၅) မိနစ်ကနေ (၈) နာရီခန့် အချိန်အထိ ပုဏ္ဏားကျွန်းမြို့ နေရာတချို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။

အလားတူ “၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် စစ်တွေမြို့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး အထိုင်စခန်း ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနဲ့ စစ်တွေမြို့နား ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတချို့ပေါ်က ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်ရှိ ရပ်ရွာတွေကို ပစ်ခတ် တိုက်ခိုက်နေတယ်” လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

လူ့အခွင့်အရေးချိုးဖောက်ခံ ရက္ခိုင်ပြည်နှင့် ရက်စက်မှုအပေါင်း သရဖူဆောင်းသူများ

သံတွဲကို ရွေးတုတပ် ထပ်မံ ဗုံးကြဲတိုက်ခိုက်နေ

ကပစ ၁၆ အထိ AA ထိုးစစ် ရောက်ရှိလာနေ