လူ့အခွင့်အရေးချိုးဖောက်ခံ ရက္ခိုင်ပြည်နှင့် ရက်စက်မှုအပေါင်း သရဖူဆောင်းသူများ

အာရက္ခဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲသည် ယခုအခါ ပို၍ ရှုပ်ထွေးသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အာရက္ခတပ်တော် (AA) က နယ်မြေ အများအပြားကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တွေ၊ ကျောက်ဖြူ တို့ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မြွေမသေ ဒုတ်မကျိုး ဖြစ်နေသည်မှာ ယနေ့အချိန်ထိ ဖြစ်တယ်။ ဒါဟာ လိပ်ခဲတည်းလည်းနဲ့ ခေးအော့ဆန်မှု အသွင်သဏ္ဌာန်ကို ဆောင်နေခြင်းပေလောဟု စဉ်းစားစရာ ဖြစ်လာတယ်။

အာဏာသိမ်း စစ်တပ်ကလည်း ကျန်ရှိနေသေးတဲ့ အခြေစိုက်စခန်းများကို ကာကွယ်ရုံသာ မဟုတ်တော့ဘဲ ရက္ခိုင်နှင့် ထိစပ်နေသည့် ဒေသများမှတဆင့် မြေပြင်ထိုးစစ်များကို ပြန်လည် အရှိန်မြှင့်လာသလို ဝေဟင်လေကြောင်းမှတဆင့်  နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်မှာ အရှိန်အဟုန် ပိုမို ပြင်းထန်လာတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်တွင် အာရက္ခတပ်တော်က ရက္ခိုင်ပြည်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် နယ်စပ်ဒေသများမှ ထိုးစစ်များကို အရှိန်မြှင့်နေကြောင်း ထုတ်ပြန်ခဲ့တယ်။ ဩဂုတ်လ ပထမနှစ်ပတ်အတွင်း မြောက်ဦး၊ အမ်း၊ သံတွဲ၊ ဂွနှင့် ပလက်ဝ ဒေသများတွင် အာဏာသိမ်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၇ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်းများတွင် ဖတ်ရတယ်။

၎င်းဖြစ်ရပ်များကို သတ္တုချကြည့်လျှင် ရက္ခိုင်စစ်ပွဲဟာ နယ်မြေထိန်းချုပ်ရေးကို ULA/AA ကလည်း လုံးဝ လက်လွတ်မခံသကဲ့သို့၊ အာဏာသိမ်း စစ်တပ်ကလည်း အာရက္ခဒေသနနှင့် နယ်မြေချင်းဆက်စပ်နေသော နေရာများမှ ကြည်းကြောင်း ထိုးဖောက်ဝင်ရောက်ဖို့ အသေအလဲ ကြိုးစားနေသည်ဟု ထင်မြင်မိတယ်။ လက်ရှိအချိန်တွင် နိုင်ငံရေးယန္တရား၊ အုပ်ချုပ်ရေးယန္တရားတို့ဟာ အလွန်တရာ ရှုပ်ထွေးလာနေတယ်။ ULA/AA ရဲ့ ထုတ်ပြန်ချက်များအရ အာဏာသိမ်းစစ်တပ်သည် လက်ရှိတွင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဘက်မှ အာရက္ခဒေသအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်နိုင်ရေးအတွက် လေကြောင်းမှ ဖြိုခွဲ တိုက်ခိုက်နေသည်မှာ နေ့စဉ် သတင်းများက ဖော်ပြလျက် ရှိနေတယ်။ ထိုးစစ် စစ်ဆင်ရေးတွင်လည်း ဂျက်၊ တိုက်လေယာဉ်များ၊ ဗုံးကြဲရန် အသုံးပြုသည့် Y-12 လေယာဉ်များ၊ ဒရုန်းများနှင့် မြေပြင် လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ ပြည်သူများ မြေစာပင်ဘဝမှာပင် ကျီးလန့်စာ စားပြီး ညရောက်ရင်လည်း ကောင်းမွန်စွာ မအိပ်ရဲတော့လောက်အောင် လူ့အခွင့်အရေး ပျောက်ဆုံးနေခဲ့ရတယ်။ ULA/AA ၏ ထုတ်ပြန်ချက်များတွင် AA က ထိုးစစ်များကို အကြိမ်ကြိမ် နည်းမျိုးစုံဖြင့် တန်ပြန် ခုခံနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှုများနှင့်အတူ ဆုတ်ခွာမှုများ ရှိခဲ့ကြောင်း ဖော်ပြထားတယ်။ တဖြည်းဖြည်းနဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်အဟုန်ကို အာဏာသိမ်း စစ်တပ်က မြှင့်တင်လာတာဟာ ပို၍ သိသာလာတယ်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘဲ ရှုံးမဲမဲကာ အရပ်သား ပြည်သူများကို လူမဆန် တိုက်ခိုက် ချေမှုန်းနေမှုများဟာလည်း စစ်ရေးအရ ကောက်ကျစ်စဉ်းလဲမှု ပြုလုပ်ခြင်းပင် ဖြစ်တယ်။ စစ်မြေပြင်မဟုတ်ဘဲ အရပ်သားပြည်သူများ ရှိနေတဲ့ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ သာသနိက အဆောက်အဦများ၊ ဈေးများ စတဲ့ လူနေထူထပ်တဲ့ နေရာတွေကို အာဏာသိမ်း စစ်အုပ်စုက ပစ်မှတ်သဖွယ် သဘောထား လာခဲ့တယ်။ အထူးသဖြင့် စာသင်ကျောင်းများ ပုံမှန် လည်ပတ်ရန် ခက်ခဲလာခြင်း၊ ကျန်းမာရေးဌာနများတွင် ဆေးဝါး ပြတ်တောက်လာခြင်း၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးလာခြင်း၊ ကုန်ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းတို့ကြောင့် ပြည်သူများစွာဟာ ဖြတ်လေးဖြတ် ပုံစံခွက်ထဲ ရောက်နေသလို ဖြစ်လာတယ်။ ရက္ခိုင်ဒေသ ရေကြီးရေလျှံဖြစ်ပြီး အရပ်သား ပြည်သူတွေ အတိဒုက္ခ ရောက်နေချိန်မှာတောင် လေယာဉ်နဲ့လာပြီး ဗုံးကြဲတယ်။ ဒီလောက် လူမဆန်တဲ့ လုပ်ရပ်မျိုး အကြိမ်ရေပေါင်း မနည်းတော့ပြီ။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယခင်ကထက် ပို၍ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေခြင်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ ထည့်သွင်း စဉ်းစားခြင်း မရှိတော့သော စစ်ကောင်စီ အစိုးရဟာ အာဏာရှင်ဆန်သော ဘောင်ကို များစွာ ကျော်လွန်ခဲ့ပြီ။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ အောက်တိုဘာတော်လှန်ရေး၊ တိုင်ပေသူပုန်ကြီး၊ ဘိန်းစစ်၊ အီတလီစစ်ပွဲများ၊ ဗောက်ဆာသူပုန်ကြီး၊ ဗီယက်နမ်စစ်၊ ခရူးဆိတ်စစ်ပွဲ အစရှိတဲ့ ကမ္ဘာ့သမိုင်းဝင် စစ်ပွဲများရှိခဲသော်လည်း မြန်မာနိုင်ငံ ပြည်တွင်းစစ်လောက် သက်ဆိုးမရှည်ခဲ့ပေ။ ဒီနေရာမှာ နိရှေးပြောခဲ့တဲ့ စကားကို သွားသတိရတယ်။ နိရှေးကဘာပြောလဲဆိုတော့ ”သဘာဝတရားက လူဆိုးတွေကို အပြစ်မပေးဘူး၊ အားနည်းသူတွေကိုပဲ အပြစ်ပေးတယ်” တဲ့။

*လူသားရဲ့မွေးရာပါ အခွင့်အရေး

ကမ္ဘာ့ဒဿန ပညာရှင်တွေအနေနဲ့ လူသားရဲ့ မွေးရာပါ သဘာဝအခွင့်အရေးနဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးခဲ့ကြတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ရှေးဂရိခေတ်ကာလကတည်းကလို့ ဆိုတယ်။ သူတို့ ယုံကြည်ခဲ့ကြတာက လူ့အခွင့်အရေးဆိုတာ လူသားအဖြစ် မွေးဖွားလာခြင်းကြောင့် သဘာဝတရား၊ ဒါမှမဟုတ် ဘုရားသခင်နဲ့ နတ်ဒေဝါတွေက လက်ဆောင်ပေးအပ်ထားတဲ့ အခွင့်အရေးလို့  ယူဆကြတယ်။ ဆက်ပြီး ယုံကြည်ဖွင့်ဆိုခဲ့ကြတာက လူသားဖြစ်ခြင်းကြောင့် လက်ဆောင် ပေးအပ်ခံထားရတဲ့ အခွင့်အရေးကို ဘယ်သူကမှ ယူဆောင်သိမ်းပိုက်ခွင့် မရှိဘူး ဆိုတာပဲ။ လူ့အဖွဲ့အစည်းတစ်ခုမှာ အစိုးရတစ်ရပ်(ဝါ) အုပ်ချုပ်သူ မရှိရင် လူသားတွေဟာ ထင်ရာစိုင်းပြီး လုပ်ချင်လုပ်ကြမှာပါပဲ။ စစ်ပွဲတွေနဲ့  ပဋိပက္ခတွေလည်း နေရာအနှံ့ ပေါ်ပေါက်နေမှာပဲ။ လူသားတွေဟာ မွေးကတည်းက အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာ ပျော်ရွှင်ခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ ပညာသင်ယူခွင့်၊ ဆေးကုသခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့် စတဲ့ လူသားအခွင့်အရေးကို လက်ရှိ အာဏာသိမ်းစစ်တပ်က လျစ်လျူရှူထားတယ်။ မိမိအာဏာ တည်မြဲရေးကိုသာ ဦးတည်နေတဲ့ စစ်အုပ်စုကို လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အင်စတီကျူးရှင်းတွေက ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်တယ်။

*ပညာသင်ကြားခြင်း အခွင့်အရေး

အာဏာသိမ်းစစ်တပ်က စာသင်ကျောင်းများကို ပစ်မှတ်ထား ပစ်ခတ်နေတာဟာ ရက္ခိုင်ဒေသရှိ လူငယ်တွေရဲ့ဘဝကို ဖျက်ဆီးနေတာပဲ။ စစ်ပွဲတခြား ပစ်မှတ်တခြား တိုက်ခိုက်နေခြင်းဟာ အောက်တန်းကျတဲ့ ယုတ်မာတစ်ခုပါပဲ။ စာသင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ကျောင်းသားလူငယ်တွေ သေကျေပျက်စီးခဲ့ရတယ်။ ပညာဆိုတာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကို လိုက်လံဖျက်ဆီးခြင်းဟာ လူမျိုးဖျောက်ဖို့ ကြိုးစားခြင်းလည်း ဖြစ်တယ်။ လက်နက်အသာစီးနဲ့ နိုင်လိုမင်းထက် ပြုမှုခြင်းလည်း ဖြစ်တယ်။ တရားဥပေဒမဲ့ အုပ်ချုပ်သူကို သမ္မတလို့မခေါ်ပါဘူး။ အာဏာရှင်ဟာ အဝတ်အစားတွေ ဘယ်လောက်ပြောင်းပြောင်း  ဘီလူးဟာ ဘီလူးပါပဲ။

*ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်

“အာရောလူ့ဂျံ ပရမံလာဘံ” ဆိုပြီး ရှေးလူကြီးတွေ ပြောလေ့ရှိကြတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့၊ ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက် အသက်ရှင်ရတာဟာ ရှင်လျက်နဲ့ သေနေသလို ခံစားရတယ်။ ဒီတော့ ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ လူဆန်သောသူတွေဆို ဒီလိုလုပ်ရပ်မျိုးကို လုပ်ကြမှာ မဟုတ်ပါဘူး။ လူတွေဟာ ကျန်းမာရေး မကောင်းရင်တောင်  ဆေးရုံ၊ဆေးခန်းကို မသွားရဲကြဘူး။ ဗုံးလာကြဲမှာကို ကြောက်နေကြပြီ။ ဒီတော့ အိမ်တွင်းဗိန္ဓောဆေးတွေနဲ့ ဖြစ်သလို ကြိတ်ကုနေကြတော့ အပ်နဲ့ထွင်ရမယ့်အရာကို ပုဆိန်နဲ့ခုတ်ဖို့ကျလာတော့ ရောဂါကျွမ်းပြီး နောက်ဆုံး သေသွားကြရတာပါပဲ။ တချို့ကျတော့လည်း ဆေးဝါးစရိတ် ကြီးလွန်းတာကြောင့် ငွေကြေးမတတ်နိုင်လို့ ကြိတ်ခံနေရတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ လူစိတ်ကုန်ခန်းသွားတဲ့ စစ်အုပ်စုဟာ ရဟတ်ကြမ္မာ  ပြန်လည်လာပါလိမ့်မယ်။

*စီးပွားရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ခွင့်

စီးပွားရေးဆိုင်ရာ အခွင့်အရေးဟာ လူသားတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြည့်ဝမှုကိုလည်း အကာအကွယ် ပေးထားပါတယ်။ ဒီအခွင့်အရေးဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝကို အကျိုးသက်ရောက်မှု ရှိစေတာကို တွေ့နိုင်တယ်။ စီးပွားရေး အခွင့်အရေးတွေကို ကာကွယ်ဖို့ ပျက်ကွက်ခြင်း အကျိုးဆက်က နိုင်ငံသားတွေကို ဆင်းရဲမွဲတေစေပြီး ငတ်မွတ်မှုကနေ အကျင့်ပျက် လာဘ်စားမှုတွေ ပေါ်ပေါက်စေသလို၊ ဥပေဒမဲ့ အပြုအမူတွေနဲ့အတူ တရားဥပေဒကို ထိခိုက်စေတဲ့ အကျိုးရလဒ်တွေကို အဆိုပါ အဖွဲ့အစည်းများအနေနဲ့ ခံစားရနိုင်ခြေရှိကြောင်း လေ့လာမှုရလဒ်တွေအရ သိရှိရပါတယ်။  အာရက္ခဒသရဲ့ ပထဝီအအေထားနှင့် သယံဇာတ အရင်းအမြစ်များ၊ ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းရှည်လျားမှု၊ သဘာဝဓာတ်ငွေ့၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး အခြေခံကောင်းများဟာ အာရက္ခဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော အခြေခံများ ဖြစ်တယ်။ ဒါကို အာဏာသိမ်းစစ်တပ်က အာသာငမ်းငမ်းနဲ့ လက်မလွတ်လို။ ယခုအခါ အာရက္ခဒေသ၏ ကုန်စည်စီးဆင်းမှု အသက်ရှူပေါက်မှာ အိန္ဒိယနိုင်ငံနဲ့ ရောင်းဝယ်ဖောက်ကားမှု တစ်ခုသာရှိတယ်။ ပြည်တွင်း၌လည်း တပိုင်တနိုင် စီးပွားရေးများကို လက်လှမ်းမှီသလောက် စိုက်ပျိုး မွေးမြူနိုင်ခြင်းကလည်း အာရက္ခပြည်တွင်း စားနပ်ရိက္ခာကို တဖက်တလမ်းက အထောက်အကူ ဖြစ်စေတယ်။ အာဏာသိမ်းစစ်တပ်ကတော့ ရက္ခိုင်ဒေသကို  အစာရေစာ ငတ်ပြတ်ပြီး သေကျေပျက်စီးသည်ကို မြင်လိုသော်လည်း ရက္ခိုင်လူမျိုးများကား ဒူးမထောက် လက်မမြှောက်ဘဲ ဆက်လက် တိုက်ပွဲဝင်ဆဲ။ အာဏာရှင် အဆက်ဆက်က ရက္ခိုင်ဒေသ စီးပွားရေးကို မသိကျိုးကျွံ မျက်ကွယ်ပြုလာခဲ့တာ ယနေ့အချိန်ထိ ဖြစ်တယ်။

လူ့အခွင့်အရေးကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေတဲ့ စစ်အာဏာရှင်အုပ်စုဟာ လူသတ်၊ မုဒိမ်းကျင့်၊ ညှဥ်းပန်းနှိပ်စက်၊ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ဗိုလ်ကျ ဖိနှိပ််မှုအောက်တွင် နှစ်ပေါင်းများစွာ နေလာတဲ တိုင်းရင်းသား လူမျိုးများဟာ ပွင့်လင်းလာသော ခေတ်တံခါးထဲမှ ရုန်းထွက်ဖို့ ကြိုးစားခဲ့ကြလေပြီ။ ပြိုင်တူတွန်းက ရွေ့နိုင်၏ ဆိုသည့်အတိုင်း မိစ္ဆာနှင်ပွဲ တစ်နေ့ မုချ အောင်မြင်လိမ့်မည်လို့ ယုံကြည်ပါသည်။

ရေးသူ…………..မုတ်သုံမောင်

Related posts

ပုဏ္ဏားကျွန်းထိုးစစ် လေယာဉ်ပစ်ကူပေးပေမယ့် AA တန်ပြန်စစ်ကြောင့် ရွေးတုတပ် တပ်ပြန်ဆုတ်

သံတွဲကို ရွေးတုတပ် ထပ်မံ ဗုံးကြဲတိုက်ခိုက်နေ

ကပစ ၁၆ အထိ AA ထိုးစစ် ရောက်ရှိလာနေ