ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရွေးတုအစိုးရတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၄) က တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ကျဆုံးသွားကြတဲ့ တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၁၇ ရက် မနက် ၉ နာရီခန့်က ရွေးတုအစိုးရတပ်ရဲ့ ဒရုန်းနဲ့ တစ်ကြိမ်တည်း ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် KNDF တပ်ရင်း (၁၄)၊ တပ်ခွဲ (၃) က တပ်ခွဲမှူး ရီချက်၊ ရဲဘော် ဟိန်းမင်းလတ်၊ ရဲဘော် ဟိန်းထက်အောင်၊ ရဲဘော် တီရယ်နဲ့ ရဲဘော် ဖီလစ်ဖွန်ဒွတ် တို့ ကျဆုံးခဲ့ရပြီး အခြား တပ်ဖွဲ့ဝင် တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

KNDF တပ်ရင်း (၁၄) တာဝန်ရှိသူတစ်ဦးက ကျဆုံးသွားတဲ့ တပ်ခွဲမှူးနဲ့ ရဲဘော်တွေဟာ တော်လှန်ရေးအတွင်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အသက်ကို စတေးခံပြီး ကျရာတာဝန်တွေကို လေးလေးနက်နက် ထမ်းဆောင်သွားခဲ့ကြတဲ့ သူရဲကောင်းတွေ ဖြစ်တယ်လို့ ဂုဏ်ပြုမှတ်တမ်းတင် ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဖရူဆိုမြို့နယ်အတွင်း ရွေးတုအစိုးရတပ်ရဲ့ ကင်းထောက်ဒရုန်းတွေ နေ့စဉ်ရက်ဆက် ပျံဝဲ ထောက်လှမ်းနေသလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ဆက်တိုက် ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ရက္ခိုင်မှာ မိုးကြီးနိုင်

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ