အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်ထဲမှာရှိတဲ့ သက္ကမကျေးရွာ ၂ ရွာက ဒေသခံပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို သွားရောက်ကုသပေးရာမှာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကုသပေးတာ၊ လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ကူညီပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဒေသခံတွေ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတ ပိုရရှိစေဖို့အတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေကိုလည်း ULA/AA က စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ သက္ကမရွာက ကျောင်းသား၊ ကျောင်းသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ စာရေးကိရိယာနဲ့ အားကစားပစ္စည်းတွေကို ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ စစ်ဘေးရှောင်တွေကိုလည်း မျက်စိကုသစစ်ဆေးပေးခြင်း၊ သွားရောဂါဝေဒနာရှင်များကို ကုသပေးခြင်းနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
Photo – One Nation News (မြောက်ဦး သက္ကမရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့မြင်ကွင်း)