လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၆)

မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်လိုကြတဲ့ လူငယ်တွေအနေနဲ့ ကိုရီးယားဘာသာစကားထက် ဂျပန်ဘာသာစကားကို ပိုသင်လာကြတယ်လို့ ဘာသာစကား သင်ပေးနေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြန်မာနိုင်ငံက လူငယ်အများစုဟာ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ အဓိက သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပေမယ့် ကိုရီးယားဘက်က စာမေးပွဲအမှတ်တွေက ပိုမို တင်းကျပ် များပြားတာကြောင့် ဂျပန်စာကို ပိုသင်လာကြတယ်လို့ သူက ပြောပါတယ်။

“လတ်တလောတော့ ကိုရီးယားရယ်၊ ဂျပန်ရယ် များတာပေါ့။ များသောအားဖြင့် ဂျပန်သင်တာ ပိုများတာပေါ့။ ကိုရီးယားက အမှတ်တွေ တစ်ခါတစ်လေကျ အရမ်းများတဲ့အခါကြတော့ ကိုရီးယားလည်း နည်းနည်း တန့်သွားပြီ။ သွားရတာ လွယ်တယ်ရယ် မဟုတ်ဘူး။ ဥပမာ ဆိုကြပါစို့ အင်္ဂလိပ်ဆိုရင် သူ့ level တွေဘာတွေ ဘာညာ ဘာအောင်ရင် ဘာတွေ လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး အလှမ်းဝေးတယ်လေ။ ဂျပန်ဆိုလည်း N4 အောင်တယ်၊ N5 အောင်တယ်ဆိုရင် training နဲ့ သွားလို့ရမယ်။ နောက် N3 pass နဲ့ တစ်ခုခု ရတယ်ဆိုရင် အောင်တယ်ဆိုရင် သေချာတဲ့ အလုပ်အကိုင်နဲ့ ဘယ် level ရောက်လို့ရှိရင် ဘာအလုပ်အကိုင် သေချာတယ်ဆိုတာမျိုး ရှိတယ်လေ။ ကိုရီးယားဆိုလည်း EPS အောင်လို့ရှိရင် ကုန်ထုတ်ဆိုလည်း ကုန်ထုတ်ဘာညာ အဲဒီလို ရှိတာကို။ အရင်ကထက် နည်းကုန်တာပေါ့ (သင်တန်းသား)။ နည်းကုန်တယ်ဆိုတာက လူငယ်တွေက အဲဒီ ပြဿနာတွေကြောင့် ယောကျာ်းလေး ပိုနည်းကုန်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေကြားမှာ ကိုရီးယားစာထက် ဂျပန်စာကို ပိုပြီး အလေးပေး သင်ယူလာကြတာဟာ အလုပ်အကိုင် အခွင့်အလမ်း၊ ဗီဇာ ပေါ်လစီနဲ့ ရေရှည် အခြေချနိုင်မှု စတဲ့ လက်တွေ့ကျတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ လူဦးရေ လျော့နည်းလာပြီး အသက်ကြီးပိုင်း ပိုများလာတာကြောင့် နိုင်ငံခြားသား လုပ်သားတွေကို တရားဝင် ပိုမို ခေါ်ယူနေပါတယ်။

SSW (Specified Skilled Worker) ဗီဇာနဲ့ Technical Intern Training ဗီဇာ စတဲ့ လမ်းကြောင်းတွေမှတစ်ဆင့် မြန်မာလူငယ်တွေ တရားဝင် သွားရောက် လုပ်ကိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက် လုပ်ကိုင်နိုင်ပေမဲ့ စာမေးပွဲ အမှတ်အကန့်အသတ်၊ မဲစနစ်နဲ့ ကန့်သတ်ချက် ပိုများပြီး ဝင်ဆံ့နိုင်တဲ့ လူဦးရေ ပမာဏ အကန့်အသတ် ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း ဂျပန်ကုမ္ပဏီတွေ၊ IT ကုမ္ပဏီတွေ၊ BPO (Business Process Outsourcing) လုပ်ငန်းတွေနဲ့ ဘာသာပြန် လုပ်ငန်းတွေမှာ ဂျပန်စာ N3, N2 အဆင့်ရှိသူတွေကို လစာကောင်းမွန်စွာနဲ့ ခန့်အပ်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

Related posts

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ၊ မူဆလင်ကလေးငယ် အပါအဝင် ၇ ဦး ဒဏ်ရာရ

ULA/AA နဲ့ MTP တို့ တွေ့ဆုံဆွေးနွေး၊ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်