အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ် တောကန်ရွာနဲ့ ဝါဘိုရွာအနီးဝန်းကျင်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ စခန်း ၂ ခုကို အာရက္ခတပ်တော်က ဒီရက်ပိုင်းအတွင်း ထပ်မံ သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ကျားမသောက် တပ်ရင်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ရဲ့ အဓိက ကာကင်းတွေ ဖြစ်တဲ့ တောကန်ရွာဝန်းကျင်က ကာကင်းစခန်း တစ်ခုနဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်း တစ်ခုတို့ကို အာရက္ခတပ်တော်က ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒကစ (စစ်တွေ) နဲ့ ၂ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ တောကန်ရွာအနီးက စခန်းကို စက်တင်ဘာလ ၂၄ ရက်မှာ သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီး၊ ဝါဘိုကျွန်းက စခန်းကိုတော့ စက်တင်ဘာလ ၂၃ ရက်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း၊ ရွှေမင်းဂံ ရေတပ်စခန်း တစ်ဖက်ကမ်းက ရဲရိုးပြင်နဲ့ ကွမ်းတောင်ရွာဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေ အထိနာကာ ဆုတ်ပြေးနေကြတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက စက်တင်ဘာလ ၄ ရက်ကတည်းက စစ်အင်အား အများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ တန်ပြန် တိုက်စစ်ကြောင့် တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေရတာပါ။
လက်ရှိမှာ အမြင့်ကျွန်းတံတားဝန်းကျင်၊ ကံ့ကော်ကျွန်း၊ တောကန်၊ ဝါဘိုနဲ့ ရဲရိုးပြင် စတဲ့ နေရာတွေက စစ်ကောင်စီရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်း ၉ ခုထက်မနည်းကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်က စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်သုံပန်းများအပြင် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို စက်တင်ဘာလ ၂၀ ရက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။