အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြိုနယ်တွင် နေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူများအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ရှောင်ကော်မတီမှ ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ရှောင်ကော်မတီက မြောက်ဦးမြို့နယ်တွင် နေထိုင်နေကြတဲ့ စစ်တွေမြို့နယ်မှ စစ်ရှောင်အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၁၇၀ ကျော်အတွက် တစ်လစာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ရှောင်တစ်ဦးလျှင် တစ်လစာ ဆန်ရိက္ခာ၊ အိမ်ထောင်စု တစ်စုအတွက် တစ်လစာ ဆား ၁ ပိဿာနဲ့ ဆီ ၁ လီတာစီ ထောက်ပံ့ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ရှောင်ပြည်သူများကို ကူညီပေးနိုင်ရေးအတွက် အာရက္ခပြည်သူတော်လှန်ရေးအစိုးရက စစ်ရှောင်ကော်မတီဖွဲစည်းခဲ့ပြီး ပါတီ၊ HDCO၊ အုပ်ချုပ်ရေးဌာန၊ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနတို့လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၅ ရက်ကလည်း မြောက်ဦးခရိုင်ထဲက စစ်ဘေးရှောင် ပြည်သူ လူဦးရေ ၃၁၀ ဦးကို တစ်လစာ စာနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပါတယ်။
အခုလို ရိက္ခာတွေ ထောက်ပံ့ပေးရတာဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေး အခက်အခဲကို တစ်စိတ်တစ်ပိုင်း ကူညီ ဖြေရှင်းပေးချင်လို့ ဖြစ်ပြီး၊ ရက္ခိုင်ပြည်ထဲက အခြားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ စစ်ရှောင်ကော်မတီဆီကနေ သိရပါတယ်။
Photo – One Nation News