စစ်ကောင်စီရဲ့ ဗုံးကြဲမှုအပေါ် တုံ့ပြန်မယ်လို့ ULA/AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်များ၊ စျေးများ၊ စာသင်ကျောင်းများနဲ့ ဘာသာရေးအဆောက်အအုံများကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က စက်တင်ဘာလ ၂၈ ရက် က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးခဲ့ရပြီး၊ ပြည်သူများရဲ့ အိုးအိမ် စည်းစိမ်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

စစ်ရေးအရ အရှုံးပေါ်နေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူများနဲ့ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျူးလွန်ခဲ့ရာတွင် (တိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်သူများ) နဲ့ အဖွဲ့အစည်းများကို ထိရောက်တဲ့ လက်တုံ့ပြန်မှုများကို မကြာမီ အချိန်အတွင်း တုံ့ပြန်သွားမယ်လို့ ULA/AA က ပြင်းထန်စွာ သတိပေး ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမှာ လက်ရှိအချိန်အထိ (၄၉) ဦးထိ ရှိလာပြီဖြစ်တယ်လို့ အာရက္ခတပ်တာ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၆၀ နီးပါး ရှိလာနေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များအနက် မြောက်ဦးပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း အရပ်သားပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ အများဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

Related posts

စစ်ကောင်စီဟာ “စစ်ရှုံးတပ်” ဖြစ်နေပြီလို့ AA ပြော

၂၀၂၆ နှစ်ကုန်ပိုင်း တိုက်ပွဲအခြေအနေ ပိုပြင်းထန်လာနိုင်

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ပြည်သူ (၃၃) ဦးခန့် သေဆုံး၊ (၃၆) ဦး ဒဏ်ရာရ (AA ထုတ်ပြန်)