အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆)
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရက္ခိင် စတဲ့ ဒေသအသီးသီးမှာ စစ်ရေးနဲ့ တိုက်ပွဲတွေ လျော့ကျသွားဖွယ်မရှိဘဲ ပိုဆိုးလာစရာပဲ ရှိတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်၊ မိုးညှင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို စစ်ကောင်စီတပ်က ရက္ခိုင်ပြည်နဲ့ ထိစပ် စစ်မျက်နှာတွေမှာ စစ်အင်အား ၂ ဆ၊ ၃ ဆအထိ ဖြည့်ပြီး ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မိုးအကုန် ဆောင်းဦးကာလမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ အာရက္ခတပ်တော်(AA) ဒုတိယစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးမှာ စစ်ရေးပဋိပက္ခတွေဟာ အချိန်ကြာတာနဲ့အမျှ အခြေအနေ ပိုဆိုးလေ ဖြစ်မယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကြာလေ အခြေအနေ ဆိုးလေပဲ ဖြစ်မှာပဲလေ။ တိုက်ပွဲတွေက ဆက်ရှိလာကောင်း ရှိလာနိုင်တယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးကလည်း ဒီထက် ပိုခက်ခဲလာနိုင်တယ်။ လောလောဆယ်မှာတော့ သိပ်ပြီးတော့ အကောင်းမြင်နိုင်စရာတော့ မရှိဘူး။ တိုင်းပြည်အခြေအနေက ပိုဆိုးလာစရာပဲ ရှိပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် အောက်တိုဘာ/နိုဝင်ဘာလတွေကစပြီး မိုးရာသီကုန်ဆုံးကာ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမို လွယ်ကူလာတဲ့အတွက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး စစ်ဆင်ရေးတွေ ပြန်လည် စတင်ဖို့နဲ့ စစ်ပွဲနယ်မြေတွေ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလေ့ ရှိပါတယ်။
ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှလည်း မြို့သိမ်းစစ်ဆင်ရေးတွေနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အရှိန်မြှင့်လေ့ရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ၊ လတွေအတွင်း ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေနဲ့ လမ်းကြောင်းတွေကို ပြန်လည် စိုးမိုးနိုင်ဖို့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာလျက် ရှိတာပါ။
အထူးသဖြင့် ရက္ခိင်ပြည်၊ စစ်ကိုင်း၊ ကချင်ပြည်နဲ့ ကရင်ပြည်တွေကို လက်နက်ကြီးအားကိုးနဲ့ ပိုမို ဖိအားပေး တိုက်ခိုက်လျက် ရှိနေတာပါ။
စစ်ကောင်စီအနေနဲ့ မြန်မာတစ်ပြည်လုံးကို မထိန်းနိုင်တာ ကြာပြီဖြစ်ကြောင်း၊ သူတို့ ရှိနေသရွေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဖို့ မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“နယ်မြေထိန်းချုပ်မှုက ရှင်းနေတာပဲလေ။ စကစ အတွက်တော့ တစ်ပြည်လုံးကို မထိန်းနိုင်တာ ကြာပြီ။ သူတို့မှ မဟုတ်ဘူး။ မဆလ ခေတ်ကတည်းက ခင်ဗျားတို့ ကြားဖူးချင်မှ ကြားလိမ့်မယ်။ ငယ်ငယ်ကတည်းက ကျမတို့ ကြားဖူးတယ်။ ဗမာပြည်ရဲ့ မြေပုံကို သူတို့က အညိုရောင်ဒေသတို့၊ အမည်းရောင် ဒေသတို့ ခွဲထားတာတွေ အစကတည်းကပဲ။ ဗမာပြည်မှာ အဲဒီလို အချုပ်အခြာ တစ်စည်းတစ်လုံးတည်း မရှိမှုကြောင့် ဗမာပြည်ကြီးက တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံကြီး ဖြစ်နေတာ။ အဲဒီတော့ စစ်ကောင်စီကလည်း ဒါကို စုစည်းနိုင်မယ်လို့ မထင်ဘူး။ စစ်ကောင်စီ ရှိနေသရွေ့လည်း ဗမာပြည်ကြီး ဖွံ့ဖြိုး တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ သူက ပြောပါတယ်။
နှစ်ကုန်ပိုင်းမှာ ရာသီဥတု အခြေအနေ၊ စစ်ရေးဗျူဟာ မြှင့်တင်မှုတွေနဲ့ နိုင်ငံရေးအရ အပြိုင်အဆိုင် ဖြစ်လာမှုတွေကြောင့် တိုက်ပွဲတွေ ငြိမ်သက်သွားဖို့ထက် ပိုမို ပြင်းထန်လာနိုင်ခြေက ပိုမို များပြားနေပါတယ်။
မင်းအောင်လှိုင်က လက်ရှိ သူအုပ်ချုပ်တဲ့ ၅ နှစ်မှာ တည်ငြိမ်ရေးကို အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ Time မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာဖြေကြားထားတာကြောင့် စစ်ရေးဘက်ကို ပို အားစိုက်နိုင်ဖွယ် ရှိတယ်လို့ ယူဆကြပါတယ်။