ရက္ခိုင်ပြည်သူများနဲ့အတူ ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်နေကြောင်း NUG ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းတလျှောက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရက္ခိုင်ပြည်သူလူထုနဲ့ နိုင်ငံရေး၊ စစ်ရေးအရ မဟာမိတ်ဆန်ဆန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတဝန်း စစ်မျက်နှာအသီးသီးတွင် စစ်ရေးအရ အရှက်တကွဲ အရေးနိမ့်လျက်ရှိတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ ကျဆုံးခန်းကို ကာကွယ်ရန်နဲ့ ပြည်သူလူထုအကြား အကြောက်တရား သွတ်သွင်းရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၂ နာရီ ၁၄ မိနစ်အချိန်တို့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူစည်ကားရာ အရပ်ဘက်ဒေသများနဲ ကုန်စည်ကူးသန်းရာ နေရာတွေဖြစ်တဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်တို့ကို ဂျက်တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ရေးနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်ဘက် ပစ်မှတ်များကို တမင်ရည်ရွယ်ပြီ လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်များနဲ့ ကုန်တင်ကုန်ချ လုပ်သားများအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် အသက် ဆုံးရှုံးခဲ့ရပါတယ်။

အလားတူ ပြင်းထန် ဒဏ်ရာရရှိသူ ၂၂ ဦး အပါအဝင် ပြည်သူ ၆၀ နီးပါး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကစ္ဆပနဒီတံတား ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူပိုင် မော်တော်ကား၊ သုံးဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီ အမြောက်အများနဲ့ ဈေးဆိုင်ခန်းများ မီးလောင် ပြာကျ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

ပြည်သူများအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုများအတွက် အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်များနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းကို တိကျစွာ မှတ်တမ်းတင်ထားပြီး၊ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် တော်လှန်ရေး မဟာမိတ်အင်အားစုများနဲ့အတူ ရဲရဲဝံ့ဝံ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း NUG က ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုများကို ဖြတ်တောက်ရန်၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံပိုင် ဘဏ်များကို ထိရောက်စွာ ပိတ်ဆို့အရေးယူရန်၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပြင် ပိုမို ပြင်းထန်တဲ့ အရေးယူမှုများပါဝင်တဲ့ ချဉ်းကပ်မှုများကို ကျင့်သုံး ဆောင်ရွက်ပေးပါရန် NUG က အထူး လေးနက်စွာ တိုက်တွန်း တောင်းဆိုထားပါတယ်။

Related posts

သံတွဲမြို့ပေါ်ကို ဗုံးကြဲ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရသေ့တောင် ကူတောင်ရွာကို ဗုံးကြဲ၊ ခင်ပွန်းသေဆုံး ဇနီးဖြစ်သူ ဒဏ်ရာရ

ကျောက်တော်၊ မြောက်ဦး အစပ်ကို စစ်ကောင်စီ လေယာဉ်အုပ်စုလိုက် ဗုံးကြဲနေ(Breaking News)