ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှု EU ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

တနင်္လာနေ့က ရက္ခိုင်ပြည် ကျောက်တော်ဈေးကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တဲ့အတွက် ဥရောပသမဂ္ဂ (EU) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ဟာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိပြီး မဖြစ်မနေ လေးစား လိုက်နာရမှာ ဖြစ်တယ်လို့ EU က အလေးပေး ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိခိုက်နစ်နာရသူများနဲ့ မိသားစုဝင်များအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါကြောင်းနဲ့ မြန်မာပြည်သူ လူထုနဲ့အတူ တစ်သားတည်း ဆက်လက် ရပ်တည်လျက်ရှိကြောင်း EU က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ရှိ လူမျိုးဘာသာမရွေး ဈေးရောင်းဝယ်ဖောက်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနဲ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိနေကြောင်း သိရှိရပါတယ်။

Related posts

သံတွဲမြို့ပေါ်ကို ဗုံးကြဲ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရသေ့တောင် ကူတောင်ရွာကို ဗုံးကြဲ၊ ခင်ပွန်းသေဆုံး ဇနီးဖြစ်သူ ဒဏ်ရာရ

ကျောက်တော်၊ မြောက်ဦး အစပ်ကို စစ်ကောင်စီ လေယာဉ်အုပ်စုလိုက် ဗုံးကြဲနေ(Breaking News)