အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ထမ်းများ ခေါ်ယူ

အာရက္ခတိုင်းမ် (၂ အောက်တိုဘာ ၂၀၂၆)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန လက်အောက်ခံ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းအသစ်များကို အမြောက်အမြား ခေါ်ယူနေတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်ပါရာထူးနေရာများအတွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

ခေါ်ယူနေတဲ့ ရာထူးတွေကတော့ ဒု-ကြီးကြပ်ရေးမှူး (၂၀ ဦး) ဖြစ်ပြီး ပညာအရည်အချင်း အနေနဲ့ B.Agr.Sc, Dip in Agri, စိုက်/အ.က.က အောင်၊ B.V.Sc, Dip in A.H ဘွဲ့ရရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာရပ်များနဲ့ ကျွမ်းကျင်ရမှာဖြစ်ပြီး ကွန်ပျူတာအခြေခံနဲ့အသင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အငယ်တန်းစာရေး/ဒု-စက်မောင်း ရာထူးအတွက် (၅၀ ဦး) ခေါ်ယူနေပြီး ဘွဲ့တစ်ခုခု (သို့မဟုတ်) တက္ကသိုလ်တက်ရောက်ဆဲဖြစ်ပြီး ကွန်ပျူတာအခြေခံ၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။

ဒု-စက်ပြင် (၅ ဦး) အတွက်ကတော့ AGTI စက်မှုအထက်တန်းကျောင်းဆင်းဖြစ်ပြီး အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူများ လျှောက်ထားနိုင်ပါတယ်။

အလားတူ ရုံးအကူ (၂၀ ဦး) အတွက်ကတော့ အထက်တန်းအဆင့်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး စက်မောင်းအကူ (၁၀ ဦး) ကတော့ ၈ တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

လျှောက်ထားသူများအနေနဲ့ လိုက်နာရမယ့် အချက်တွေကတော့ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကြီးသူဖြစ်ရမှာဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီး ရက္ခိုင်ပြည်အတွင်း တာဝန်ထမ်းဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

လျှောက်လွှာပိတ်ရက်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနခွဲများကို လူကိုယ်တိုင် သွားရောက် လျှောက်ထားရမယ်လို့လည်း သိရပါတယ်။

Related posts

စစ်ကောင်စီရဲ့ ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်လို့ Fortify Rights ဆို

ကျောက်တော် ဗုံးကြဲခံရမှုအပေါ် သက်သေအထောက်အထားများ ပေးပို့ရန် IIMM တောင်းဆို

အိန္ဒိယဈေး ဗုံးကြဲခံရမှု အစုလိုက်အပြုံလိုက် သေဆုံးရခြင်းအပေါ် APC ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ