ကျောက်တော် ဗုံးကြဲခံရမှုအပေါ် သက်သေအထောက်အထားများ ပေးပို့ရန် IIMM တောင်းဆို

အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့တဲ့ အစုလိုက် အပြုံလိုက် သေဆုံးရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ထံကို သက်သေ အထောက်အထားများ ပေးပို့ကြရန် တောင်းဆိုထားကြောင်း သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း (၆၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအပေါ် အာရက္ခမီဒီယာကောင်စီ (APC) ကလည်း အပြင်းထန်ဆုံး ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်တဲ့ အရပ်သားပြည်သူများ၊ လူနေရပ်ကွက်များနဲ့ ပြည်သူ့အခြေပြု နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ထို့ကြောင့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မျက်မြင် ကြုံတွေ့ခဲ့ရသူများနဲ့ တိုက်ရိုက် သိရှိထားသူများအနေနဲ့ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ သက်သေ အထောက်အထားများကို IIMM ထံ ဆက်သွယ် ပေးပို့ကြရန် တိုက်တွန်း တောင်းဆိုထားခြင်းလည်း ဖြစ်ပါတယ်။

Related posts

စစ်ကောင်စီရဲ့ ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်လို့ Fortify Rights ဆို

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ထမ်းများ ခေါ်ယူ

အိန္ဒိယဈေး ဗုံးကြဲခံရမှု အစုလိုက်အပြုံလိုက် သေဆုံးရခြင်းအပေါ် APC ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ