အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ လူနေရပ်ကွက်များအပေါ် စစ်ကောင်စီက ဂျက်ဖိုက်တာများနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ထင်ရှားစွာ ကျူးလွန်လိုက်ခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Fortify Rights က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နယ်မြေဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခု ထိန်းချုပ်မှုကို အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးထားရပြီးနောက်ပိုင်း ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေခြင်း ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ရဲ့ အစည်ကားဆုံးဈေးဖြစ်တဲ့ အိန္ဒိယဈေးကို လူအများဆုံး သွားလာဝယ်ယူနေတဲ့ အချိန်ကိုရွေးချယ်ပြီး စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် ပြည်သူ အနည်းဆုံး ၅၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“စစ်ကောင်စီရဲ့ လူစည်ကားတဲ့ဈေးနဲ့ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာပါပဲ” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးပြုပုဂ္ဂိုလ် ကိုလင်းထက်က ပြောပါတယ်။
“ကျောက်တော်မှာ သေဆုံးသွားရသူတွေဟာ ရိုးရိုး ဂဏန်းအရေအတွက်တွေ မဟုတ်ပါဘူး။ ဒါဟာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးရဲ့ ရလဒ်တွေပါပဲ။ ဒီတိုက်ခိုက်မှုတွေကို အထောက်အပံ့ပေးနေတဲ့ လက်နက်နဲ့ လေယာဉ်ဆီ ပံ့ပိုးနေတဲ့ နိုင်ငံတွေအနေနဲ့ ဖြတ်တောက်ကြဖို့ လိုပါတယ်” လို့ သူက ထပ်မံ ပြောပါတယ်။
စစ်ကောင်စီဟာ ကျောက်တော်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်က အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရုံသာမက စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်တွင်လည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အဉ္ဇနပူရ၊ သံတွဲ၊ ဝီရဌာနီ နဲ့ ကျောက်ဖြူမြို့နယ် စနဲမြို့ဘက်များကိုပါ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များကို အသုံးပြုပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ပါတယ်။
ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်များကို စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုမြောက်အောင် ရည်ရွယ်ချက်ရှိရှိ ဆက်လက် တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် ထိရောက်စွာ အမြန်ဆုံး အရေးယူနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် Fortify Rights က တိုက်တွန်း တောင်းဆိုထားပါတယ်။