အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်နဲ့ အနီးအနားရှိ ရပ်ရွာများကို စစ်ကောင်စီတပ်က ယနေ့ မိုးလင်းဝ အချိန်တွင် Y-12 စစ်ထောက်ပံ့ရေးလေယာဉ်နဲ့ ဗုံးများ အဆက်မပြတ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်က Y-12 လေယာဉ်တစ်စီးဟာ မိုးလင်းဝ ၁ နာရီကျော်ကနေ ၁ နာရီ ၃၅ မိနစ်ခန့်အထိ ရသေ့တောင်မြို့ရှိ စိုက်ပျိုးရေးရုံးအနီး၊ ကမ်းနားလမ်း၊ အရှေ့တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ချွတ်ပြင်ရွာ၊ ပြားချောင်းကြီးနဲ့ ပြင်ခေါင်ရွာတွေကို ဒရော့ဗုံး (Drop Bomb) ဗုံးသီး ၁၇ လုံးနီးပါး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါကဲ့သို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသူများမှာ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ရွာက အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ ပြားချောင်းကြီးကျေးရွာက အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိခိုက် ဒဏ်ရာ ရရှိသူများထဲတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူများရဲ့ အသေးစိတ်နဲ့ လူနေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေကို အာရက္ခတိုင်းမ်စ်သတင်းဌာနအနေနဲ့ ဆက်လက် စုံစမ်းလျက်ရှိပြီး လက်ရှိတွင် ဒဏ်ရာရရှိသူများကို လိုအပ်တဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။