ကျောက်ဖြူတိုက်ပွဲကို စကစ က ရေကြောင်းနဲ့ လေကြောင်းကနေ ပစ်ကူပေးနေ

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်ဘက်က ရေကြောင်း၊ လေကြောင်းတို့နဲ့ တောက်လျှောက် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက် မနက်အစောပိုင်းကတည်းက အဝတောင်နဲ့ တောင်မော်ကြီးစခန်း အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ လေကြောင်းကနေ တောက်လျှောက် ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်နေတာက ၃ နေရာထက် မနည်းဘူး။ စစ်တပ်ရဲ့ ကာကင်းတွေကို တပ်တော်က ဝင်စီးတာ၊ စစ်တပ်က အထိနာတော့ နေဗီကနေလည်း လက်နက်တွေနဲ့ ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အဲလိုလုပ်နေတော့ စစ်ရှောင်တွေ ပိုတိုးလာနေတယ်။ သူတို့တွေကို ဘေးလွတ်ရာရောက်ဖို့ ကူညီပေးနေရတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဂျက်ဖိုက်တာ Y-12 ထောက်ပို့လေယာဉ်တွေဟာ ကျောက်ဖြူမြို့နယ်ကို မနက်ကနေ ညနေအထိ အကြိမ် ၂၀ ထက်မနည်း ဗုံးလာကြဲသွားလို့ သိရပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို ထပ်ပြီး တိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ ရွေးတုအစိုးရတပ်ဘက်က အထိနာ၊ အကျအဆုံး များနေသလိုလက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

ကျောက်တော်ဗုံးကြဲခံရမှု အာဆီယံအလှည့်ကျ ဥက္ကဌ စိုးရိမ်ကြောင်း ပြောဆို

မြောက်ဦးမှာ ပမာဏ ၅ အဆင့်ငလျင်လှုပ်

သာပေါင်းတွင် စကစ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင်တစ်ဦး သေဆုံး