မဆာတွီတိုက်ပွဲတွင် စကစ တပ်သား ၃၀ ကျော် သေဆုံးပြီး တပ်စုတစ်စုလုံး အရှင်ဖမ်းဆီးရမိ(AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ပူးပေါင်းကြားဖြတ်တိုက်ခိုက်)

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီးတွင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး အင်အား ၂၀ ပါ တပ်စုတစ်စုလုံးကို လက်နက်ခဲယမ်းများနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ယောဒေသ၊ ဆောမြို့နယ် လောင်းရှည်မြို့ဘက်ကနေ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ ၇၇ လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းကို စက်တင်ဘာလ ၂၇ ရက်က အာရက္ခတပ်တော်၊ ချင်းပြည်သူ့တပ်မတော်နဲ့ ယောကာကွယ်ရေးတပ်တော်တို့ ပါဝင်တဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း လက်လွှတ်လိုက်ရတဲ့ ကျင်ဒွေးမြို့ကို ပြန်လည် ထိန်းချုပ်ရန်အတွက် ဆောမြို့နယ်နဲ့ လောင်းရှည်မြို့တို့တွင် အခြေစိုက်ပြီး အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

ချင်းပြည် ကျင်ဒွေးမြို့ကို ဦးတည်နေတဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းဟာ မဆာတွီကျေးရွာကို အခိုင်အမာ ခြေကုပ်ယူပြီး လက်နက်ကြီးစခန်းတစ်ခုကို တည်ဆောက်နေတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မဆာတွီကျေးရွာဟာ ကျင်ဒွေးမြို့နဲ့ ၁၉ ကီလိုမီတာ (၁၂ မိုင်)၊ ကန်ပက်လက်မြို့နဲ့ ၂၁ ကီလိုမီတာ (၁၃ မိုင်) အကွာအဝေးတွင် တည်ရှိတာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေလည်း နေ့စဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူး၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်း နဲ့ ကြိမ်ကြီးကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – မဆာတွီတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်များ

Related posts

BREAKING – တောင်ကုတ်ကို စကစ က ဂျက် ၅ စီးနဲ့ ဗုံး ၁၈ လုံးခန့် ကြဲချတိုက်ခိုက်

ဂွမြို့နယ်အစပ် ရိုးမနဲ့ထိစပ်ဒေသများတွင် တိုက်ပွဲတွေ ဆက်ဖြစ်နေ

ရက္ခိုင်တွင် စကစ ထိုးစစ်ကြောင့် ဘက်စုံစစ်ပွဲအသွင် ဆက်လက်ပြင်းထန်နေ