အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် မောင်တောခရိုင်အတွင်းရှိ ဘူးသီးတောင်နဲ့ မောင်တောမြို့ဧရိယာများအတွင်း ယာဉ်အမြန်နှုန်းထိန်းချုပ်ရေးနဲ့ ဟွန်းအသုံးပြုမှုဆိုင်ရာ ညွှန်ကြားချက်အမိန့်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာလ တတိယပတ်အတွင်းက ထုတ်ပြန်ထားကြောင်း သိရပါတယ်။
မြို့တွင်းလမ်းမကြီးများတွင် ယာဉ်သွားလာမှု များပြားလာခြင်း၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံများနဲ့ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန် ရည်ရွယ်ပြီး ထုတ်ပြန်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ၇ ချက်မှာ (၁) မြို့တွင်းသတ်မှတ်ဧရိယာများနဲ့ လူစည်ကားရာ နေရာများတွင် တစ်နာရီ ၃၀ ကီလိုမီတာ (30 km/h) ထက် ပိုမို မမောင်းနှင်ရန်၊ (၂) ရာသီဥတုအခြေအနေ၊ ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ လမ်းဆုံလမ်းခွများတွင် လိုအပ်ပါက 30 km/h ထက် ပိုမို လျှော့ချမောင်းနှင်ရန်၊ (၃) ဆိုင်ကယ်စီးနင်းသူများ Helmet ကို သိုင်းကြိုးတပ် မဖြစ်မနေ ဝတ်ဆင်ရန်၊ (၄) လူထူထပ်တဲ့နေရာများတွင် မလိုအပ်ဘဲ ဟွန်းကို ဆူညံစွာ၊ အဆက်မပြတ် မတီးရန်၊ (၅) ယာဉ်အန္တရာယ် ရှောင်ရှားရန် အမှန်တကယ်လိုအပ်မှသာ ဟွန်းကို အချိန်တိုအတွင်း အသုံးပြုရန်၊ (၆) ဆေးရုံ၊ ရုံးဌာန၊ စာသင်ကျောင်းများနဲ့ “ဟွန်းမတီးရ” ဧရိယာများတွင် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာရန်နဲ့ (၇) ယာဉ်အမြန်နှုန်း၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ယာဉ်ရပ်နားရန် သတ်မှတ်နေရာများအပါအဝင် ယာဉ်စည်းကမ်းများကို တိကျစွာလိုက်နာရန် တို့ပဲ ဖြစ်ပါတယ်။
ညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။