ကျောက်ဖြူတွင် တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီက ကျောက်ဖြူမကျရေး အင်အား ၅၀၀၀ ခန့်နဲ့ ခုခံနေ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလာပြီး မြေပြင် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက ကျောက်ဖြူမကျရေးအတွက် စစ်အင်အား ၅၀၀၀ ခန့်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။

တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော် (AA) က ကာလအတန်ကြာ တန်ပြန် တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ််ကို ဆိုပါတယ်။

နိုဝင်ဘာလ ၂၁ ရက်ကစပြီး မင်းပြင်၊ ဇင်ချောင်း၊ ကျောက်ဖြူမြို့၊ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ မဒေးကျွန်း၊ တောင်မော်ဦးရေတပ်နဲ့ စနဲစတဲ့ နေရာတွေမှာ AA ဘက်က တစ်ပြိုင်နက် တိုက်စစ်ဆင်လာခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ယခင်မြို့သိမ်းတိုက်ပွဲတွေလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာမျိုး မဟုတ်ဘဲ အကန့်အသတ်နဲ့ပဲ စစ်ဆင်နေတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ခံစစ်အနေအထားကို ပြန်ရောက်သွားတယ်လို့ သိရပါတယ်။

ကျောက်ဖြူတပ်နယ်အတွင်း မူလအခြေစိုက်တပ်ရင်းတွေ၊ ရေတပ်စခန်းတွေအပြင် တောင်ကုတ်အခြေစိုက်တပ်ကနေ ပြန်လည်စုစည်းထားတဲ့ တပ်တွေကိုလည်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်မတစ်ခုရဲ့ နည်းဗျူဟာတပ်ရင်း ၂ ခုနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်အချို့လည်း ရှိနေလို့ ကျောက်ဖြူတပ်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်အင်အား ၅,၀၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ခန့်မှန်း ပြောဆိုထားပါတယ်။

ကျောက်ဖြူလေဆိပ်ကို အခြေပြုထားတဲ့ ဂျိုင်ရိုကော်ပတာအုပ်စုတစ်ခုကလည်း ရံဖန်ရံခါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းမှုနဲ့ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦးကို AA က ပြန်လည်လွှဲပြောင်းပေး

AA နဲ့ စစ်ကောင်စီကြား တရုတ်ရဲ့ ကြားဝင်မှု ရှိနေ

မြန်မာပြည် အတ္ထုပ္ပတ္တိ (အက်ဆေး)