အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)
ပလက်ဝနဲ့ ကန်ပက်လက်မြို့နယ်ကြားက အရေးပါတဲ့ ချောင်းဆုံကုန်ဆိပ်ကို စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် နဲ့ ၁၉ ရက်၊ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦးထိ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက် နေ့လည် ၁၁ နာရီခွဲကနေ ၁၂ နာရီဝန်းကျင်အထိ ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၂ စီးတို့နဲ့ ကုန်ဆိပ် အနီးတဝိုက်ကို ဆက်တိုက်ဗုံးကြဲခဲ့ပြီး လမ်းပေါ်က ခရီးသည်တင်နဲ့ ကုန်တင်ယာဉ်တွေကိုပါ ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အဆိုပါ ကုန်ဆိပ်ကို အောက်တိုဘာလ ၁၈ ရက်မှာလည်း ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီးတို့နဲ့ ဗုံးအလုံး ၂၀ ကျော် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်ဘဲ နေ့စဉ် လူစည်ကားနေတဲ့ စက်လှေဆိပ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ခရီးသွားယာဉ်တွေကို အခုလို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။