အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ဝါဘိုကျေးရွာကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် စစ်တွေမြို့မှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်း မိသားစုတွေနဲ့ NGO/INGO တွေပါ စစ်တွေကနေ ရန်ကုန်မြို့ကို ထွက်ခွာ တိမ်းရှောင်သွားနေကြတယ်လို့ သိရတယ်။
“သတင်းက အမျိုးမျိုး ထွက်နေတယ်။ အစိုးရဝန်ထမ်းမိသားစုတွေကတော့ လေယာဉ်တွေနဲ့ ရန်ကုန် နေပြည်တော်ကို သွားကြတယ်။ လက်မှတ်က ဝယ်လို့ကို မရဘူး ဖြစ်နေတယ်။ NGO တွေက လေယာဉ် စင်းလုံးငှားနေတယ်လို့လည်း ကြားရတယ်။ မှန်လား မှားလားတော့ သေချာ မပြောတတ်ဘူး။ သွားတာတော့ သွားကြတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့နယ် ကံ့ကော်ကျွန်းအနီးက ဝါဘိုကျေးရွာကို အာရက္ခတပ်တော် (AA) က အပြီးပြတ် ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ခံစစ်အနေအထားနဲ့ ဆတ်ရိုးကျတံတားနဲ့ ဒေသတွင်းကို အင်အားတွေ တိုးမြှင့်ဖြည့်တင်းပြီး စစ်ရေးတုံ့ပြန်ဖို့ ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ရွှေမင်းဂံရေတပ်စခန်း အဆက်အသွယ် မပြတ်အောင် စစ်ကောင်စီက ရေလမ်းကြောင်းကနေ စစ်ကူအင်အားတွေကို ရာချီပြီး ညအချိန်တွေမှာ သင်္ဘောတွေနဲ့ ဆက်တိုက်ပို့ဆောင်နေပြီး ရေချမ်းပြင်ရင်းစုက ခလရ (၂၇၀) အတွင်းကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေချမ်းပြင်၊ ကျားမသောက်၊ အမြင့်ကျွန်း၊ မင်းချောင်းနဲ့ ပါဒလိတ်စတဲ့ နေရာတွေအပါအဝင် စစ်တွေမြို့နယ်အနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး AA ရဲ့ တိုက်စစ်က အမြင့်ကျွန်းနဲ့ ကျားမသောက်ဘက်ကို ပိုနီးကပ်လာနေတယ်လို့လည်း သိရပါတယ်။
ဒါအပြင် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း သုံးမြို့နယ်နယ်စပ်ရှိ ငပြီကျွန်းမှာတော့ စစ်ကောင်စီက အမြောက်တပ်နဲ့ ကွန်မန်ဒိုတွေ ပူးပေါင်းပြီး ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးနဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်နေလို့ AA ဘက်ကလည်း တန်ပြန်တိုက်စစ်ဆင်နေလို့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပေါ်နေပါတယ်။