အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)
၂၀၂၂ ခုနှစ်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ဖူးသူ ဂျပန်အစိုးရရဲ့ မြန်မာအမျိုးသားသင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) ဟာ မင်းအောင်လှိုင်နဲ့ နေပြည်တော်တွင် အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းမီဒီယာများက ထုတ်ပြန်ထားပါတယ်။
ရက္ခိုင်ပြည်တွင်း စစ်ရေးပဋိပက္ခများ လျော့ကျစေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တဲ့ မစ္စတာ ဆာဆာကာဝါရဲ့ အခုခရီးစဉ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများနဲ့ နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးမယ့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် အခခုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဌာနဘက်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ နိပွန်ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတုန်းက ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်များအပါအဝင် ရက္ခိုင် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ရက္ခိုင်ပြည်အထိ ကိုယ်တိုင် ကွင်းဆင်းသွားရောက်ကာ တိုက်တွန်း ကူညီပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အဆိုပါ ဂျပန်အထူးသံတမန်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ စစ်ကောင်စီနဲ့ အမေရိကန်အစိုးရ အရာရှိကြီး ၁၂ ဦးထက်မနည်း ပါဝင်တဲ့ အဖွဲ့တို့ တိုကျိုမြို့မှာ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ရက်ပိုင်းအတွင်းမှာပင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါ တိုကျို လျှို့ဝှက်ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည်အတွင်း စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စများတွင် စစ်ကောင်စီရော အာရက္ခတပ်တော် နဲ့ပါ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ မစ္စတာ ဆာဆာကာဝါဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုများ ခပ်စိပ်စိပ် ပြုလုပ်လေ့ ရှိသူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ၂၀၂၆ အောက်တိုဘာလ ၂၀ ရက်က ယိုဟေး ဆာဆာကာဝါ နဲ့ မင်းအောင်လှိုင်တို့ နေပြည်တော်မှာ အတူတွေ့ရစဥ်