အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရမှု မကြာခဏ ဖြစ်နေကြောင်း သိရပါတယ်။
အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းမှာလည်း ပန်းနီလာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ အောက်တိုဘာလ ၄ ရက်မှာလည်း သရက်ချိုရွာနဲ့ ယိုးငူရွာကြားက ဗျာလစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရတဲ့ အရပ်သားပြည်သူ ၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။