မုန်တိုင်းငယ် 02B အစွန်အဖျားကြောင့် ရက္ခိုင်မှာ ၂၆ ကနေ ၂၈ ရက်အထိ မိုးသည်း၊ လေပြင်းနိုင်

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (02B) က အိန္ဒိယကမ်းလွန်ဘက်ကို ဦးတည်ရွေ့လျားမယ်ဆိုပေမယ့် အစွန်အဖျား တိမ်တိုက်တွေနဲ့ မုတ်သုံလေ အားကောင်းမှုကြောင့် အောက်တိုဘာလ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း ရက္ခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာပြီး လေပြင်းတိုက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

အထူးသဖြင့် မောင်တော၊ စစ်တွေ၊ ကျောက်ဖြူနဲ့ သံတွဲ စတဲ့ ရက္ခိုင်ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ပြင်လှိုင်း ၈ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်ပါတယ်။

ကမ်းလွန်လေပြင်း တိုက်နိုင်လို့ ကမ်းရိုးတန်း အနိမ့်ပိုင်းက ပြည်သူတွေ ရေကြီးရေလျှံမှုကို သတိထားဖို့ လိုအပ်ပြီး မိုးကတော့ အောက်တိုဘာလ ၂၉ ရက်နောက်ပိုင်းမှာ အနည်းငယ် လျော့သွားမယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်က တောင်သူတွေအနေနဲ့ စပါးရိတ်သိမ်းမှုကို အထူးဂရုစိုက်ဖို့ လိုအပ်ပြီး ရိတ်ပြီးသား စပါးတွေကို မိုးမစိုအောင် မိုးလုံလေလုံနေရာကို အမြန်ရွှေ့ပြီး မိုးခေတ္တစဲတဲ့အချိန်မှပဲ ကွင်းဆင်းရိတ်ဖို့ ဦးဝင်းနိုင်က အကြံပြုထားပါတယ်။

စပါးခင်းတွေနဲ့ ဆောင်းသီးနှံ (ပဲ၊ နှမ်း၊ ပြောင်း) စိုက်မယ့် မြေကွက်တွေမှာ ရေဝပ်မကျန်အောင် ရေနုတ်မြောင်းတွေကို ကြိုတင် ဖောက်ထားဖို့ လိုအပ်ပြီး မြေဆီလွှာ အစိုဓာတ် လွန်ကဲပြီး အပင်တွေ ပျက်စီးမှု မဖြစ်စေဖို့လည်း သတိထားသင့်တယ်လို့ ဆိုပါတယ်။

ဆောင်းသီးနှံ စိုက်မယ့် တောင်သူတွေအနေနဲ့ မိုးများတဲ့အချိန်မှာ မြေပြင်တာနဲ့ မျိုးစေ့ကြဲတာကို ချက်ချင်းမလုပ်သေးဘဲ မုန်တိုင်းအရှိန်ကျပြီး မိုးလျော့မယ့် အောက်တိုဘာလ ၂၉ ရက်နောက်ပိုင်းမှ စတင်ဖို့ ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။

Related posts

ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ အလောင်း နဲ့ သုံ့ပန်း AA သိမ်းပိုက်ရရှိ

ကျောက်ဖြူမှာ တိုက်ပွဲ ပြန်ပြင်းထန်၊ အဝတောင်ဘက်က ကာကင်းစခန်းအချို့ AA သိမ်းပိုက်

98B မုန်တိုင်းငယ် အိန္ဒိယဘက် ဦးတည်ပေမဲ့ ရက္ခိုင်ကမ်းရိုးတန်းမှာ မိုးသည်းနိုင်၊ လှိုင်းကြီးနိုင်