အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၆)
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် 98B (Deep Depression) ရဲ့ ဗဟိုချက်က ရက္ခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်း ကမ်းလွန်တို့ကနေ အနောက်ဘက် အိန္ဒိယအရှေ့ကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနေလို့ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်မယ့် မုန်တိုင်းအန္တရာယ် မရှိကြောင်း သိရပါတယ်။
ဒါပေမဲ့ မုန်တိုင်းရဲ့ အစွန်အဖျား တိမ်တိုက်တွေနဲ့ အစိုဓာတ်စုပ်ယူမှုတွေကြောင့် ရက္ခိုင်ပြည်အတွင်း သတိထားဖို့ လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးလေဝသ အခြေအနေတွေအရ မုန်တိုင်းအပြင်ပိုင်း မိုးတိမ်တောင်တွေရဲ့ အရှိန်ကြောင့် ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်အပါအဝင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ တိမ်ထူပြီး နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးထူထပ်စွာ ရွာနိုင်ပါတယ်။
အထူးသဖြင့် ရက္ခိုင်ပြည်တောင်ပိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ လေပွေလှိုင်း အစွန်အဖျားတွေကြောင့် မိုးတိမ်တောင်တွေ ပိုအားကောင်းလာပြီး မိုးသည်းထန်စွာ ရွာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်နိုင်က ဆိုပါတယ်။
ပင်လယ်ပြင် လှိုင်းနဲ့ လေတိုက်နှုန်း အခြေအနေအရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တိုက်ရိုက် မုန်တိုင်းဒဏ် မခံရပေမဲ့ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ကြောင်း သတိပေးထားပါတယ်။
ကမ်းလွန်လေတိုက်နှုန်းလည်း တစ်နာရီ ၁၅ မိုင်ကနေ ၂၅ မိုင်အထိ ပိုအားကောင်းလာနိုင်လို့ ရေလုပ်ငန်းရှင်တွေ သတိထားဖို့ လိုတယ်လို့လည်း သိရပါတယ်။