TNLA ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒေါက်တာညိုထွန်းအောင် တက်ရောက်

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ကျင်းပခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေး ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို အာရက္ခတပ်တော် (ULA/AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက် အားပေးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်က ကျင်းပခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲတွင် ကောင်းတပ်ရပ်ကွက်အသင်းနဲ့ ပေါက်တိုက်ရပ်ကွက်အသင်းတို့ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ကောင်းတပ်ရပ်ကွက်အသင်းက ပေါက်တိုက်ရပ်ကွက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရယူကာ ဗိုလ်စွဲသွားခဲ့ပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအုမ်တမာဝ်းတို့ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုက အသင်းပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လူငယ်များရဲ့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရေးနဲ့ မူးယစ်ဆေးဝါး ကင်းစင်တဲ့ လူငယ်ဘဝများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့တာလို့လည်း သိရပါတယ်။

Photo – Mine Yu News

Related posts

အမြန်လမ်းမှာ Express ကားတွေ ကုန်ပစ္စည်းတင်ရင် လမ်းသုံးစွဲခွင့် ရုပ်သိမ်းမယ်လို့ သတိပေး

စစ်တွေ ဒကစကို AA တိုက်ခိုက် ဗိုလ်မှူးအဆင့် အပါအဝင် ၆ ဦးထက်မနည်း သေဆုံး

စစ်တွေ ကစ္ဆနဒီမြစ်ထဲမှာ စစ်ကောင်စီ စစ်သင်္ဘော ၃ စီးကို AA တိုက်ခိုက်၊ ၂ စီးနစ်မြုပ်