အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ရိုးမတောင်ကျော်လမ်းပေါ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နတ်ရေကန်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အမ်းမြို့နယ်နဲ့ မကွေးတိုင်း ပဒါန်းကို ဆက်သွယ်ထားတဲ့ တလိုင်းတောင်လမ်းနဲ့ ရိုးလမ်းတွေမှာ စက်တင်ဘာလကစပြီး တိုက်ပွဲတွေ စတင်ခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းကစပြီး ဒီနေ့အထိ စစ်ပွဲ အရှိန်မြင့်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်က ကန်ကြိုးနဲ့ ငကုန်းဘက်ကို အင်အားအလုံးအရင်း ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် AA ရဲ့ ခုခံတိုက်စစ်ကြောင့် ရှေ့မတိုးနိုင်ကြောင်း သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်မှာ နတ်ရေကန် ဗျူဟာကုန်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကူပေးဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA က အချိန်မီ သတင်းရပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ အမ်း-မကွေး ရိုးလမ်းပေါ်က တလိုင်းတောင်လမ်းနဲ့ နတ်ရေကန် ဗျူဟာသွားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဒရုန်း၊ ပါရာမော်တာ၊ Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲနေသလို ပဒါန်းမြို့နယ်အခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေကြောင်း သိရပါတယ်။