မလေးရှားက ပြန်ပို့ခံရတဲ့ ရက္ခိုင် ၄၀၀ ကျော်ကို မိသားစုလာခေါ်မှ ပြန်လွှတ်ပေးနေ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၆)

မလေးရှားနိုင်ငံက စစ်သင်္ဘောတွေနဲ့ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးအနက် ရက္ခိုင်ပြည် မှတ်ပုံတင် “၁၁/” ကိုင်ထားသူ ၄၀၀ ကျော်ကို စစ်ကောင်စီတပ်က အခြားသူတွေလို ချက်ချင်း မလွှတ်ဘဲ သန်လျင်နဲ့ လှိုင်သာယာမှာ ယာယီသီးသန့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဲဒီသူတွေကို အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းကနေ မိသားစုဝင် လာခေါ်မှသာ ပြန်လွှတ်ပေးနေကြောင်း သိရပါတယ်။

စစ်ကောင်စီက အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းထားပြီးနောက် မိသားစုဝင် (သို့) ဆွေမျိုးနီးစပ်သူ တစ်ဦးဦး ကိုယ်တိုင်လာခေါ်မှသာ ပြန်လွှတ်တဲ့ မူဝါဒကြောင့် မိသားစုဝင်မရှိသူတွေနဲ့ အဆက်အသွယ်မရသူတွေအတွက် စစ်မှုထမ်းခိုင်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

မလေးရှား ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်ကောင်စီက စက်တင်ဘာလကုန်ပိုင်းမှာ စစ်သင်္ဘောတွေနဲ့ ခေါ်ဆောင်ခဲ့ပြီး အောက်တိုဘာလ ၄ ရက်မှာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စတင် ရောက်ရှိခဲ့ပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိန်းသိမ်းရေးစခန်းတွေမှာ ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကိုလည်း အသုတ်လိုက် ထပ်ပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။

မလေးရှားအစိုးရက ဒီပြန်ပို့မှုကို “ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်း” လို့ ဖော်ပြထားပေမယ့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြန်ရောက်သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောထားပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စစ်ကောင်စီဆီ အရပ်သားတွေကို ပြန်လွှဲပေးတဲ့ အစီအစဉ်တွေကို ချက်ချင်း ရပ်ဖို့ မလေးရှားအစိုးရကို တောင်းဆိုထားပြီး မလေးရှား လွှတ်တော်အမတ်တွေကလည်း ဒီကိစ္စကို မေးခွန်းထုတ် ကန့်ကွက်နေပါတယ်။

Related posts

နတ်ရေကန်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပါရာမော်တာ ၁ စီးကို AA ပစ်ချ

ရေကြည်မှာ ရက္ခိုင်စစ်ဘေးရှောင် ၄ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီးလို့ ဒေသခံပြော

လေကြောင်းဗုံးကြဲမှုတွေကို ရက္ခိုင်အရပ်ဘက်ပရဟိတအဖွဲ့ ၇၀ ရှုတ်ချ၊ No-Fly Zone သတ်မှတ်ဖို့ တောင်းဆို