နတ်ရေကန်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပါရာမော်တာ ၁ စီးကို AA ပစ်ချ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ၂၀၂၆)

ရက္ခိုင်နဲ့ မကွေးအစပ် အမ်း-ပဒါန်း ရိုးမတောင်ကျော်လမ်းပေါ်က နတ်ရေကန် စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ ပေးနေတဲ့ ပါရာမော်တာ (Paramotor) ၁ စီးကို အာရက္ခတပ်တော် (AA) က ဒီကနေ့ နံနက်ပိုင်းမှာ ပစ်ချလိုက်ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က နတ်ရေကန် ပင်မဗျူဟာကုန်းကို အောက်တိုဘာလအကုန် ဒီရက်ပိုင်းအတွင်း စစ်ကူထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေ ရှိခဲ့ပြီး ဂျက်ဖိုက်တာနဲ့ ပါရာမော်တာတွေကို အားကိုးပြီး လေကြောင်းက ဗုံးကြဲ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ပါရာမော်တာတွေသုံးပြီး ဗုံးတွေ ဆက်တိုက်ကြဲချနေစဉ် AA ရဲ့ ရဲဘော်တွေက ပစ်ခတ်လိုက်ရာ အဲဒီ ပါရာမော်တာ ထိမှန်ပြီး ပျက်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ ပါရာမော်တာ ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး AA ဘက်ကတော့ တရားဝင် ထုတ်ပြန်ချက်တော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အောက်တိုဘာလ ၂၇ ရက်မှာလည်း နတ်ရေကန် ဗျူဟာကုန်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကူပေးဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA က အချိန်မီ သတင်းရပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အမ်း-မကွေး ရိုးလမ်းပေါ်က တလိုင်းတောင်လမ်းနဲ့ နတ်ရေကန် ဗျူဟာသွားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Related posts

မလေးရှားက ပြန်ပို့ခံရတဲ့ ရက္ခိုင် ၄၀၀ ကျော်ကို မိသားစုလာခေါ်မှ ပြန်လွှတ်ပေးနေ

ရေကြည်မှာ ရက္ခိုင်စစ်ဘေးရှောင် ၄ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဖမ်းဆီးလို့ ဒေသခံပြော

လေကြောင်းဗုံးကြဲမှုတွေကို ရက္ခိုင်အရပ်ဘက်ပရဟိတအဖွဲ့ ၇၀ ရှုတ်ချ၊ No-Fly Zone သတ်မှတ်ဖို့ တောင်းဆို