အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ မနေ့က (၁ နိုဝင်ဘာ) ညနေ ၅ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်မှုမှာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ AA က ဆိုပါတယ်။
AA က နိုဝင်ဘာလ ၁ ရက် ဒီနေ့တစ်ရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနီ မြို့နယ် ၄ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်တာဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
သေဆုံးသွားတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့လည်း AA က ပြောဆိုထားပြီး၊ ရက္ခိုင်ပြည်ထဲမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်အားလုံးကို ရှင်းထုတ်သွားမယ်လို့ ဆိုထားပါတယ်။