ကျောက်တော်၊ မြောက်ဦးကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ လက်ရှိ ၁၂ ဦး သေဆုံးလို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က တံတားတစ်စင်းနဲ့ မြောက်ဦးမြို့နယ်က ယာယီဆေးကုခန်းနဲ့ ပတ်ဝန်းကျင်ကို စစ်ကောင်စီက မနေ့က (၁ နိုဝင်ဘာ) ညနေပိုင်းမှာ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၂ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို ညနေ ၅ နာရီ ၂၅ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲခဲ့ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ လမ်းသွားလမ်းလာ ခရီးသွားပြည်သူ ၇ ဦးအထိ သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်။ တံတား ပျက်စီးခဲ့ပြီး တံတားပေါ်မှာ သွားလာနေတဲ့ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ အနီးက နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ငွေတောင်ပေါက်အနီးမှာတော့ ညနေ ၅ နာရီ ၂၇ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးက Cluster ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း AA က ဆိုပါတယ်။

ဗုံးကျတဲ့နေရာက ဒေသခံပြည်သူတွေကို ဆေးကုသပေးနေတဲ့ ယာယီဆေးကုခန်း၊ သားဖွားဆောင်နဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ မြောက်ဦးက ဒီတိုက်ခိုက်မှုမှာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး လက်ရှိအချိန်ထိ သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆေးဝန်ထမ်းအချို့ ဒဏ်ရာရခဲ့ပြီး ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

AA က တစ်ရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနီ မြို့နယ် ၄ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတယ်။

Related posts

ဧရာဝတီတိုင်းကို စစ်ကောင်စီ အင်အားဖြည့်တင်းနေ

ရက္ခိုင်စစ်ရှောင်တစ်ဦး လေးမျက်နှာ စက်စက်ယိုကျေးရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

ကျောက်ဖြူ စနဲမင်းပြင်ရွာကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ၊ ၁၁ ဦး ဒဏ်ရာရ