အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ ရက္ခိုင်ပြည်ကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်ရှိတာကို နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူက အသက် ၃၀ ခန့်အရွယ် အမျိုးသားဖြစ်ပြီး ရက္ခိုင်ပြည်မှာ စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ မတ်လကတည်းက စက်စက်ယိုကျေးရွာကို စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေထိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
“ရုပ်အလောင်းပေါ်မှာ တွေ့ရတဲ့ ဒဏ်ရာတွေဟာ သေနတ်နဲ့ ပစ်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပုံရတယ်။ ပစ်ခတ်သူ၊ ပစ်ခတ်ခဲ့တဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဒါပေမယ့် စစ်တပ်က စစ်ကြောင်းထိုးတဲ့အချိန်မှာ သူနဲ့ သွားတွေ့တာနေမယ်။ ပြီးတော့ ရက္ခိုင်ဖြစ်နေတော့ ပိုဆိုးတာပေါ့” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စက်စက်ယိုကျေးရွာအနီးတဝိုက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးလှုပ်ရှားမှုရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
အောက်တိုဘာလ ၃၁ ရက်မှာလည်း ဒီကျေးရွာမှာ ရက္ခိုင်ပြည်ကလာတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ပါတယ်။